Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်(၄)ခုနှင့် သိပ္ပံ(၁၄) ကျောင်း ပြန်လည်ဖွင့်လှစ်မည်

`နေပြည်တော် မေ ၇

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ပညာသင်ယူဆဲ ကျောင်းသားကျောင်းသူများ မိဘများ အတွက် စာသင်နှစ်တစ်နှစ် ဆုံးရှုံးနစ်နာခဲ့ရသကဲ့သို့ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုကိုပါ ထိခိုက်ခဲ့ခြင်းဖြစ်၍ နိုင်ငံတော်အတွက်လည်း နစ်နာခဲ့ရပါကြောင်း၊ ဆင်းရဲချမ်းသာ ကွာဟချက်၊ ပညာသင်ယူနိုင်ခွင့် ကွာဟချက်များသည် နိုင်ငံဖွံ့ဖြိုးရေးအပေါ် တိုက်ရိုက်သက်ရောက် နေသည်ကို အထူးသတိပြုကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်က ပညာရေးကဏ္ဍတွင် အလေးထား ရင်းနှီးမြှုပ်နှံပေးနေမှုအပေါ် ဆရာ/ဆရာမ များအနေဖြင့် ကျောင်းသား ကျောင်းသူများကို ပညာ သင်ကြားပေးရမည့် တာဝန်ရှိ နိုင်ငံဝန်ထမ်းများ ဖြစ်ကြသည်နှင့်အညီ နည်းပညာ အတတ်ပညာ သာမက အသိပညာမြင့်မားရေးနှင့် မိမိတို့ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုများနှင့်အညီ စည်းကမ်း ပြည့်ဝသော နိုင်ငံကြီးသားများ အဖြစ် သင်ကြားလေ့ကျင့် မွေးထုတ်ပေးကြစေလိုကြောင်း ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်များ သင်တန်း ကျောင်းများ၏ သင်ကြားရေး၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ သမဝါယမတက္ကသိုလ်(သံလျင်နှင့်စစ်ကိုင်း)၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ၏ စီမံခန့်ခွဲရေးတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ ကောလိပ် နှင့် သိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားမှုများ၊ လုံခြုံရေးအစီအမံများ၊ သင်ကြားရေး သင်ယူရေး သုတေသနနှင့် တောင်သူပညာပေး လုပ်ငန်းများ အချိုးညီ ထည့်သွင်းဆောင်ရွက် ရေးဆိုင်ရာများ၊ ဘာသာရပ်အလိုက် သက်ဆိုင်ရာ ပြည်တွင်း/ပြည်ပ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်ရေးဆိုင်ရာများ၊ ကျောင်းဆင်း လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖော်ဆောင်ရန် ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်ကိစ္စရပ်များ၊  ကိုဗစ်-၁၉ ကြောင့် စာမေးပွဲဖြေဆိုဆဲတွင် ရပ်နားခဲ့ရသည့် ကျန်ရှိဘာသာရပ်များ ဆက်လက် ဖြေဆိုနိုင်ရေး အစီအစဉ်များ၊ ကိုဗစ်-၁၉ ကာကွယ်တားဆီး ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် စာသင်ဆောင်၊ အိပ်ဆောင်၊ စားရိပ်သာများနှင့် ဆရာ ဆရာမ၊ ဝန်ထမ်းအင်အား၊ ကျောင်းသားကျောင်းသူအင်အား၊ ကျောင်းသား ကျောင်းသူများ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍမြှင့်တင်ပေးရေး၊ စာကြည့်တိုက် များ အဆင့်မြှင့်တင်ရေး၊ သက်ဆိုင်ရာပရဝဏ်များအတွင်း ဝိုင်ဖိုင်သုံးစွဲ နိုင်ရေးနှင့် တက္ကသိုလ် ကျောင်းသားကျောင်းသူများ အချင်းချင်း ကွန်ယက်ချိတ်ဆက် အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါဖြစ်ပွားမှု အခြေအနေအရ ပိတ်သိမ်းခဲ့ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့် သင်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များ၏ နောက်ဆုံးနှစ် သင်တန်းများကို ၂၀၂၁ ခုနှစ် မေ (၂၄)ရက်တွင်လည်းကောင်း၊ ဘွဲ့လွန် သင်တန်းများကို ဇွန်(၁)ရက်တွင်လည်းကောင်း ၊ သမဝါယမတက္ကသိုလ်(သံလျင်)နှင့် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)တို့၏ နောက်ဆုံးနှစ် သင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း(၁၄)ကျောင်း၏ နောက်ဆုံးနှစ် သင်တန်းများကို ဇွန်(၁)ရက်တွင် လည်းကောင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပြီး ကောလိပ်(၃) ခုကိုလည်း  ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)