Skip to main content

လျှပ်စစ်မီး မရရှိသေးသည့်ဒေသများ လျှပ်စစ်မီးရရှိရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်

နေပြည်တော် မေ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး (၆/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

တက်ရောက်

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အစည်းအဝေး အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားမှုနှင့် ပတ်သက်၍ တစ်နှစ်ကျော်ပိတ်ထားခဲ့သည့် တက္ကသိုလ်များကို ယခုလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်မားလျက်ရှိသော်လည်း မိမိတို့နိုင်ငံ တွင် ကူးစက်မှုရာခိုင်နှုန်း နည်းပါးလျက်ရှိသဖြင့် COVID-19 စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းများပိတ်ထားရသည့်အတွက် ကျောင်းသား၊ မိဘနှင့် နိုင်ငံတော် အတွက် ဆုံးရှုံးမှုများရှိသဖြင့်ကျောင်းများ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ လိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းသားများ ပညာတတ် ဖြစ်စေရန် အတွက် ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများက လေ့ကျင့် သင်ကြားပေးရန် လိုကြောင်း၊ ယခုအခါ ကျောင်းမတက်ရန်အတွက် အချို့သူများကခြိမ်းခြောက်ဆောင်ရွက်ပြီး အဖျက်လုပ်ငန်းများ ဆောင်ရွက်နေမှုသည် နိုင်ငံအား ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာတတ်များ ပေါများလာမည်ကို နိုင်ငံရေးလုပ်စားသူများကမလိုလားဘဲ ပြည်သူများဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းပင်ဖြစ်ပြီးမိုက်မဲသည့်လုပ်ဆောင် ချက်ပင်ဖြစ်ကြောင်း၊ ယခုသင်ကြားနေသည့် ပညာရပ်များသည် ယခင်အစိုးရများမှ ချမှတ်ထားခဲ့သည့် အမျိုးသားပညာရေး မူဝါဒများအတိုင်းသာ သင်ကြ ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာ သင်ကြား နိုင်ရေး အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာရေးစနစ်ကောင်းမွန်ရန် အတွက် ကျောင်းသား၊ ဆရာ၊ မိဘနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာသင်ကြားရေးပိုင်းဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

လက်တွေ့နယ်ပယ်တွင် များစွာသုံးဝင်

ယနေ့ခေတ်သည် သတင်းနှင့်နည်းပညာခေတ် (Information Technology Age) ဖြစ်သောကြောင့် ခေတ်နှင့် လျော်ညီသည့် နည်းပညာများ တတ်ကျွမ်းထားရန် လိုအပ်သကဲ့သို့ လူမှုနယ်ပယ်တွင် အသုံးဝင်သည့် ဥပဒေပညာရပ်များနှင့် စီးပွားရေးဆိုင်ရာ ပညာရပ်များကိုလည်း နားလည်သိရှိ ထားရန်လိုအပ်ကြောင်း၊ ထို့တူ ဝိဇ္ဇာဘာသာရပ် သည်လည်း စီမံခန့်ခွဲရေးပညာရပ်အတွက် များစွာ အထောက်အကူဖြစ်ကြောင်း၊ တက္ကသိုလ်များမှ ဘာသာရပ်အလိုက် သက်ဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးသော်လည်း ကျောင်းသားတိုင်း ပညာရှင်မဖြစ်နိုင်ကြောင်း၊ တက္ကသိုလ်မှ သင်ကြားပေး လိုက်သည့် ဘာသာရပ်များအနက် ဥပဒေပညာရပ်နှင့် စီးပွားရေးပညာရပ်များသည် လက်တွေ့ နယ်ပယ်တွင်များစွာအသုံးဝင်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျောင်းသားကျောင်းသူများ ဥပဒေနှင့် စီးပွားရေး ပညာရပ်များအား သိရှိနားလည်ရေး စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။

များစွာအထောက်အကူဖြစ်စေနိုင်

မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေကြသူများဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြင့်တင်ရေး အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ပညာရပ်များ တတ်ကျွမ်းစေရန် ဆောင်ရွက်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် ပညာရေးစနစ်သည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့တတ်ကျွမ်းသည့် ဘာသာရပ်အလိုက် ကျွမ်းကျင် သည့် ပညာရပ်ကို တိုက်ရိုက်အသုံးချနိုင် သည့် ပညာရေးစနစ်ဖြစ်အောင် ရွေးချယ် သင်ကြား ပေးရန်လိုကြောင်း၊ အရည်အချင်းရှိသည့် လူငယ် လူရွယ်များအား ပညာရပ်အလိုက်လူမှန်နေရာမှန် ရောက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

သစ်တောပြုန်းတီးမှုများကို ထိန်းသိမ်း

မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်ပိုင် စီမံကိန်းများ၊ နိုင်ငံတော်နှင့် အကျိုးတူ ဆောင်ရွက် နေသည့် စီမံကိန်းများနှင့် ပုဂ္ဂလိကပိုင် စီမံကိန်းများရှိကြောင်း၊ အချို့မြေနေရာများသည် လုပ်ငန်း ဆောင်ရွက်ရန်အတွက် လျှောက်ထားရယူထားသော်လည်း လက်တွေ့အသုံးမပြုသည့် စီမံကိန်းများ ရှိသဖြင့် နိုင်ငံတော်နစ်နာမှုမရှိစေရန် ပြန်လည်စိစစ် ဆောင်ရွက်ရန်နှင့် စာချုပ်ပါသဘောတူညီချက် များအတိုင်း ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဌာနများမှ ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုခြင်းကို အတတ်နိုင်ဆုံးမပြုလုပ်ရန် လိုကြောင်း၊ မြေယာမူဝါဒနှင့်ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားဆောင်ရွက်ရန် လိုကြောင်း၊ သစ်တော ပြုန်းတီးမှုများ ပိုမိုများပြားလာသဖြင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာသဖြင့် သစ်တော ပြုန်းတီးမှုများကို ထိန်းသိမ်းရန်လိုကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင်လည်း ပျိုးပင်များအား ဒေသနှင့်  ကိုက်ညီသည့် အပင်၊ ပျိုးသက် ကောင်းမွန်သည့်  အပင်များကိုရွေးချယ်စိုက်ပျိုး၍ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးရန်လိုကြောင်း။

သစ်တောများ စိမ်းလန်းစိုပြည်ရေး ဒေသအားလုံးတွင် သစ်ပင်များ ဖြစ်ထွန်းအောင် စိုက်ပျိုး ရန်လိုကြောင်း၊ သဘာဝဘေးဒဏ် ကျရောက်နိုင် သည့်ပင်လယ်ကမ်းခြေဒေသများရှိ ဒီရေတောများ ပြုန်းတီးမှုမရှိစေရန်အတွက် ထိန်းသိမ်းဆောင်ရွက် ခြင်း၊ ဒီရေတောများအား ပြန်လည်စိုက်ပျိုးခြင်း များ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သစ်တောများ စိုက်ပျိုးရတွင် ရှင်သန်ဖြစ်ထွန်းအောင် ဆောင်ရွက် ရန် လိုအပ်သကဲ့သို့ သစ်ပင်ခုတ်ခြင်းများကို လည်း ကြပ်မတ်ထိန်းသိမ်းရန်လိုကြောင်း၊ မြို့နယ်၊ ကျေးရွာများအလိုက် ထင်းသုံးစွဲမှုအတွက် လိုအပ်သည့် ထင်းစိုက်ခင်းများကို စိုက်ပျိုးရန်လိုကြောင်း၊ လျှပ်စစ်မီး မရရှိသေးသည့်ဒေသများ လျှပ်စစ်မီး ရရှိရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိမှသာ လူနေမှုစနစ်မြင့်မားလာမည်ဖြစ်ပြီး ကျေးလက် မြို့ပြ ဆင်းရဲချမ်းသာကွာဟမှုကို တိုင်းအတာ တစ်ခုအထိ လျှော့ချဆောင်ရွက်နိုင်မည်ဖြစ်ကာ ပြည်သူများ လျှစ်စစ်တော်အားသုံးစွဲရာတွင် ငွေကြေး ကုန်ကျမှုသက်သာစေရေး စဉ်းစားဆောင်ရွက် ကြရန်လိုကြောင်း။

စက်ရုံများပြန်လည် လည်ပတ်

ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ်သက်၍ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာ လုပ်ငန်း များတွင် အကောင်အထည်ဖော်ဆောင်ရွက် ရမည့်လုပ်ငန်းများ၌ အသုံးပြုရမည့်ငွေကြေးများကို ထိရောက်စွာ အသုံးပြုရန်လိုပြီး သုံးစွဲမှုများအား ပြန်လည်တင်ပြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပိတ်ထားရသည့် နိုင်ငံပိုင်စက်ရုံများရှိသဖြင့် နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပြီး စက်ရုံများပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံတွင်း အသုံးပြုရန် လိုအပ် သည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်း၌ အရည်အသွေးမီထုတ်လုပ်ပြီး ပြည်တွင်း ထုတ်ကုန်များကို ဂုဏ်ယူစွာဖြင့် အားပေးသုံးစွဲရန် လိုကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အကာအကွယ်ပေးပြီး ပြည်တွင်းထုတ်လုပ်သူများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် အားပေးရန်လိုပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ချင့်ချိန်၍ ချိန်ဆဆောင်ရွက် ကြရန်လိုကြောင်း။

အလေးထားဆောင်ရွက်

ပို့ကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို အခြေခံ သဖြင့် ပြည်ပသို့ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ရန် လိုကြောင်း၊ ထို့အပြင် ဒေသထွက်ပစ္စည်းများ၊ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရေး ထိထိရောက်ရောက်ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မျိုးကောင်းရန် မြေကောင်းရန်၊ စိုက်နည်းစနစ်များ ကောင်းမွန်ရန် နှင့်စိုက်ပျိုးရေ ပြည့်ဝစွာ ရရှိရန် လိုကြောင်း၊ စိုက်ပျိုးမြေများအတွက်လိုအပ်သည့် စံချိန်စံညွှန်း ကိုက်ညီသည့် မြေဩဇာများ၊ တမာ ပိုးသတ်ဆေးကဲ့သို့သော ဓာတုပစ္စည်းပါဝင်မှုနည်းပါးသည့် ပိုးသတ်ဆေးများ၊ လယ်ယာသုံး စက်ကိရိယာများနှင့် အသုံးအဆောင် ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ် နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းအတွက်လိုအပ်သည့် မျိုးကောင်း မျိုးသန့်များနှင့် တိရစ္ဆာန်အစာများကို ထုတ်လုပ် နိုင်ရေး သုတေသနပြု ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာကော်မတီများမှ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာ ပြည်တွင်းစီးပွားရေး ကောင်းမွန်တိုးတက်လာမည် ဖြစ်သဖြင့် အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း။

အားကစားကဏ္ဍနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍသည် ကျဆင်းလျက်ရှိသဖြင့် တိုးတက်စေရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ အားကစားသမားများ စွမ်းရည်တိုးတက် စေရေးအတွက် အားပေးရန်လိုအပ်သကဲ့သို့ အားကစားကွင်းများ၊ အားကစားရုံများနှင့်နည်းစနစ်များ ကောင်းမွန်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် အားကစားသမားများ ကြံ့ခိုင်မှုရှိစေရေး ကြံ့ခိုင်ရေး နည်းပြများ၊ နည်းစနစ်ပိုင်းအတွက် နည်းစနစ်ဆိုင်ရာ နည်းပြများဖြင့် စနစ်တကျ လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အားကစားဆိုင်ရာ လေ့ကျင့်ခန်းများကို အောက်ခြေမှစ၍ စနစ်တကျ ဖြင့် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်မီအားကစားကွင်းများနှင့် မိုးလုံလေလုံ အားကစားရုံများ၊ ရေကူး ကန်များအား ဖြည့်ဆည်းတည်ဆောက်ပေးခြင်း၊ အားကစားကဏ္ဍ တိုးတက်စေရေး အားပေးခြင်း များဆောင်ရွက်၍ မြန်မာ့အကစားကဏ္ဍ တစ်ခေတ်ဆန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့်လည်း ဌာနအလိုက် အားကစားပွဲများ ကျင်းပ ဆောင်ရွက် သွားကြစေလိုကြောင်း၊ လာမည့် SEA Game ပြိုင်ပွဲများတွင် မိမိတို့နိုင်ငံ၏အားကစား အဆင့် အတန်း ပိုမိုမြင့်မားစေရေး အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူပြည်သူများ စိတ်လက်ချမ်းသာစွာ လေ့ကျင့်ခန်းများပြုလုပ်နိုင်ရေး လမ်းလျှောက်ဧရိယာများအား မြို့များတွင် ဖော်ဆောင်ပေး ရန်လိုကြောင်း။

လုံခြုံရေး နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၃ ရက် နောက်ပိုင်း ဆူပူမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါတွင် အခြေအနေများ ပြန်လည် တည်ငြိမ်လာပြီဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်း များ အပေါ် ခြိမ်းခြောက်ခြင်းနှင့် ဌာနဆိုင်ရာများ မှတာဝန်ရှိ သူအချို့ CDM လှုပ်ရှားမှုတွင် ပေါ်ပေါ် တင်တင်မပါဝင်သော်လည်း လက်အောက်ဝန်ထမ်းများအပေါ် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေ သည်ကို ကြားသိရသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အဆိုပါတာဝန်ရှိသူများအား ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်သည်အထိ ထိရောက်စွာ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားရန်လိုကြောင်း၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ အခြားအဆောက် အအုံများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဖောက်ခွဲဖျက်ဆီးခြင်း ပြုလုပ်နေသူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်ဟန့်တားနိုင်သော အရေးယူမှုများ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ဆူပူအကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် နေသူများသည် နိုင်ငံကိုးဖျက်ဆီးနေကြခြင်းပင်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နေကြသူများမှာ အသိပညာ နည်းပါးကြသူများ ဖြစ်သဖြင့် စုပေါင်းအားဖြင့် ဝိုင်းဝန်းကာကွယ် ဆောင်ရွက်ကြရန် လိုအပ် ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံတကာတွင် ရုပ်ရှင်လောကရှိ အနု ပညာရှင်များအနေဖြင့် နိုင်ငံရေးတွင် ပါဝင်မှုမရှိကြောင်း၊ နိုင်ငံတကာတွင်လည်း ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အနုပညာသည်များနှင့် ပတ်သက်၍ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အချို့မီဒီယာများသည် တစ်ဖက်သတ် မဟုတ်မမှန်သည်များကို ပြောဆိုရေးသား ထုတ်လွှင့်မှုများရှိနေကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ရန်လိုအပ်သည့် ဥပဒေ များရှိပါကလည်း ရှေ့နေချုပ်ရုံးနှင့်တိုင်ပင်၍ ထုတ်ပြန်ရန်လိုကြောင်း၊ အနုပညာသည် တိုင်းပြည် အတွက်သာ ဖြစ်စေရမည်ဖြစ်ပြီး နိုင်ငံရေးအတွက်၊ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အတွက် မဖြစ်စေ လိုကြောင်း၊ သတင်းမီဒီယာကောင်စီသည် နိုင်ငံရေးဝါဒမှိုင်းမမိရန်လိုအပ်ပြီး မှန်ကန်သော လမ်းကြောင်းပေါ်တွင်သာ ရပ်တည်သွားရန်လိုအပ်ကြောင်း၊ ထို့ပြင် အဓိကအရေးကြီးသည်မှာ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုကြောင်း။

စီးပွားရေးနှင့်ပတ်သက်ပြီး နယ်စပ်ကုန်သွယ် ရေးတွင် စိုက်ပျိုးရေးထွက်ကုန်များနှင့် ပတ်သက်၍ အရှုံးပေါ်မှုများ ရှိနေသည်ဟု သိရကြောင်း၊ ယင်းကို ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပြီး စိုက်ပျိုးရေး ထွက်ကုန်များ ဈေးနှုန်းမှန်ရရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ နယ်စပ် ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် G to G စနစ် ခိုင်ခိုင်မာမာ ဖြစ်စေရေးအတွက် လုပ်ဆောင်ပေးရန်လိုကြောင်း၊ သီးနှံထွက်ကုန်များအတွက် လိုအပ်သည့် အခြောက်ခံစက်ရုံများ တည်ဆောက်ပြီး ကုန်ချောထုတ်လုပ် ပြန်လည်ရောင်းချရန် လိုကြောင်း၊ ယင်းစက်မှု လုပ်ငန်းများကို အားပေးရမည်ဖြစ်ပြီး ယင်းစက်ရုံ များ အဆက်မပြတ် လည်ပတ်နိုင်ရန်အတွက် ကုန်ကြမ်းများရရှိရန်လိုကြောင်း၊ ယင်းထုတ်ကုန် လုပ်ငန်းများ အောင်မြင် အောင် ဆောင်ရွက်ပေးနိုင်မှသာ တောင်သူများ၏ စိုက်ပျိုးရေးထွက်ကုန်များ အာမခံချက်ရှိပြီး ဈေးကောင်းရရှိမည်ဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည်ဝင်ငွေမကျဆင်းဘဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း။

ပညာရေးအပိုင်းတွင် ဆရာ ဆရာမများအနေ ဖြင့် ကျောင်းသားကျောင်းသူများကို ပညာသင်ကြား ပေးရမည့် တာဝန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့်လည်း အလားတူ တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုအပ်ပြီး နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားထိခိုက်အောင် လုပ်ဆောင် လာပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကို အဆင့်နှင့် လျော်ညီသည့် အထောက်အပံ့များပေးရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ပညာရေး ဝန်ထမ်းများကိုလည်း အလားတူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများရရှိထားသည့် ဘွဲ့အဆင့် အတန်းအပေါ်မူတည်ပြီး အဆင့်အလိုက် စဉ်းစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ဝန်ထမ်းများအနေဖြင့်လည်း ရရှိထားသည့် ဘွဲ့အလိုက် အရည်အချင်းပြည့်ဝနေရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ လေ့ကျင့်ရေးအပိုင်းနှင့်ပတ်သက်၍ ယခင်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဖောင်ကြီး၊ ဇီးပင်ကြီး စသည့်ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် အဆင့်အလိုက် သင်တန်းများ တက်ရောက်ခဲ့ကြရကြောင်း၊ ယခုအချိန်တွင် သင်တန်းမတက်ရက် ရသေးသူများ အဆင့်အလိုက် ပြန်လည်တက်ရောက် ရန်လိုကြောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် များသည် နိုင်ငံ့ဝန်ထမ်းများအားလုံး တစ်ပြေးညီ စည်းကမ်းရှိစေရေးနှင့် ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် လေ့ကျင့်ပေးနေသော သင်တန်းကျေဝင်းများ ဖြစ်ကြောင်း၊ သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့အနေဖြင့် ဆက်လက်ဆွေးနွေးဆောင်ရွက် သွားရမည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်