Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော်        မေ     ၅

မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာသားငါးထုတ်လုပ်မှုတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးမှု တိုးမြှင့်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပသည်။

 အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမောင်ကိုနှင့် ကောင်စီ အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး အဆင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသလမ်းတံတားများ တိုးတက်ကောင်းမွန်ရေးနှင့် သောက်သုံးရေဖြန့်ဝေရေး၊ ကျေးလက် မီးလင်းရေးဆိုင်ရာကိစ္စရပ်များ၊  စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် တိုးချဲ့ဆောင်ရွက်သွားမည့် မွေးမြူရေးဒီပလိုမာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ပဏာမအစီအစဉ်တွင် ပါဝင်သည့် ပုသိမ်ကြီး စိုက်ပျိုးရေးသိပ္ပံကျောင်း မွမ်းမံပြင်ဆင်ရေးနှင့် သင်တန်းစတင်ဖွင့်လှစ်နိုင်ရေး အကြိုပြင်ဆင်မှု လုပ်ငန်းများ၊ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်လျှောက်ထားမှုနှင့် ပတ်သက်၍ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍  ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သရက်ကုန်း ငါးလုပ်ငန်း ငါးသားဖေါက်စခန်းသို့ ရောက်ရှိကြပြီး ငါးသားဖေါက်လုပ်ငန်း ဆောင်ရွက် နေမှုများ၊ သင်တန်းခန်းမနှင့် သုတေသနလုပ်ငန်းများ ဓါတ်ခွဲခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပုသိမ်ကြီး စိုက်ပျိုးရေး သိပ္ပံကျောင်းသို့ ရောက်ရှိကြပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် စိုက်ပျိုးရေးပညာရပ်အပြင် မွေးမြူရေး ဒီပလိုမာဘာသာရပ်များကိုပါ တွဲဖက်သင်ကြားရန် ပြင်ဆင် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ရွှေလှံဗိုလ်လျှပ်စစ်မြစ်ရေတင်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ရွှေလှံဗိုလ်မြစ်ရေတင်စီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်ကျေးရွာအနီးတွင် တည်ရှိ၍ ဒုဌဝတီမြစ်မှ ရေပေါ်ရေတင်စနစ်  (Pontoon Type) မြင့်တင် ပြီး စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက (၃၀၀၀) ကို ရေပေးဝေလျက်ရှိကြောင်းသိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ သို့ရောက်ရှိ စစ်ဆေးသည်။

ဤရက်ကန်း သင်တန်းကျောင်းမှ ချည်မျှင်နှင့် အထည်အလိပ် အတတ်ပညာ ဒီပလိုမာ (၁)နှစ်သင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လ သင်တန်း၊ ရိုးရာလွန်းရာကျော်ချိတ်(၆)လ သင်တန်းနှင့် ရွှေချည်ထိုး၊ ငွေချည်ထိုး(၃)လ သင်တန်းအပါအဝင်၊ သင်တန်း(၅)မျိုး ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။ သင်တန်း(၅) မျိုးအတွက် တစ်နှစ်လျှင် သင်တန်းသား (၁၀၀) လေ့ကျင့်သင်ကြား ပေးလျက်ရှိပြီး သင်တန်းသားများအား တစ်လလျှင် ပညာသင်ထောက်ပံ့ကြေး ငွေကျပ် (၃၀၀၀၀) ထောက်ပံ့ပေးလျက်ရှိသည်။

အထက်ပါသင်တန်းများအပြင် ကာလတိုရက်ကန်းလုပ်ငန်းဆိုင်ရာ သင်တန်းများ ဖြစ်သည့် စက်ရက်ကန်း၊ စက်မောင်း၊ စက်ပြင် (၂)လသင်တန်း တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်(၁)လသင်တန်း၊ လက်ရက်ကန်းဖဲနှစ်ကောက် (၁)လသင်တန်း၊ အထည်ပုံရိုက်နှင့် ဆေးရေးပန်ချီ (၂)ပတ်သင်တန်း၊ သဘာဝဆေးဆိုး (၁၀)ရက်သင်တန်း၊ စာစည်းကြိုး ရက်လုပ်နည်း(၂)ပတ်သင်တန်းနှင့် စက်ချုပ်နည်း ပညာ(၁)လ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။

(သတင်းစဉ်)