နေပြည်တော် မေ ၃
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများနှင့် နိုင်ငံတော်ပိုင်အဆောက်အဦများအား လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း၊ မီးကွင်း၊ မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၃ နာရီခန့်တွင် လုံခြုံရေးယာယီရုပ်သိမ်း ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တိုရဲကင်းစခန်းအား လည်းကောင်း၊ နံနက် ၄ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာ ကျေးရွာစီမံ အုပ်ချုပ်ရေး အဖွဲ့ရုံးအား လည်းကောင်း၊ နံနက် ၆ နာရီခန့်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးကွက်သစ်ရပ်ရှိ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးအား လည်း ကောင်း ဆူပူအကြမ်းဖက် သူများက မီးပုလင်းများ၊ မီးကွင်းများဖြင့် ပစ်ပေါက်ခဲ့သဖြင့် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုများကြောင့် အဆောက်အဦများ အနည်းငယ်မီးလောင်ပျက်စီးခဲ့သည်။
ထို့ပြင် ၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့၊ မြို့မရပ်ကွက်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှေ့၌ လည်းကောင်း၊ အလားတူ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်၊ (ဋ)ရပ်ကွက်၊ သုဓမ္မာလမ်းနှင့် ခေမာသီလမ်းထောင့်ရှိ “စိန်ဂေဟာ”ကုန်တိုက် အမျိုးသား အိမ်သာအတွင်းမှ Keypad ဖုန်းဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံးနှင့် ညနေ ၅ နာရီခွဲအချိန်တွင် အဆိုပါကုန်တိုက် မြေအောက်ခန်း အမျိုးသမီး အိမ်သာအတွင်းရှိ အမှိုက်ပုံးအတွင်းမှ Keypad ဖုန်းဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား ထပ်မံတွေ့ရှိသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်းသိရှိရသည်။
အလားတူ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေခုံးကျော်တံတားအောက်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ လက်လုပ်ဗုံး ၁ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောင်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်းသိရသည်။
အလားတူ ည ၇ နာရီ ၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ရွာမ ရပ်ကွက်ရှိ ရဲစခန်းအား ရန်ကုန်-ပြည်ကားလမ်အတိုင်း အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ) စီးနင်းလာသော ဆိုင်ကယ် ၁ စီးမှ လက်လုပ်ဗုံး ၁ လုံးဖြင့်လည်းကောင်း၊ အလားတူ မေလ ၃ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ယမုံနာလမ်းရှိ ဆောက်လက်စ နေအိမ်အတွင်း၌ မပေါက်ကွဲသေးသည့်လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီ၊ ကလေးမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ စကားလှဘုန်းကြီးကျောင်း အနီးရှိ ထရန်စဖော်မာအနီးမှလက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ရှိ မြို့နယ်ပညာရေးမှူးရုံး၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ အလားတူ နံနက် ၇ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ဖူကြီးလမ်းနှင့် ဇမ္မူအေး(၁)လမ်းထောင့်၌ Keypad ဖုန်းဖြင့် ဆက်သွယ်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိသဖြင့် သက်မဲ့ပြုလုပ်ခဲ့ကြောင်းနှင့် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် အမှတ်(၁၉)ရပ်ကွက်၊ ရေကူးလမ်းနှင့် ဇေယျာမြိုင်လမ်းထောင့်ရှိ အမှိုက်ကန်ဘေးမှ ယမ်းကြိုး တပ်ထားသော လက်လုပ်မိုင်း ၃ လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ ရပ်ကွက် ၃ ခု၌ ဆူပူအကြမ်းဖက် သူများ၏ ဖောက်ခွဲမှုကြောင့် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ဝန်ဇင်းရပ်ကွက်၊ အခြေခံပညာ အလယ်တန်း ကျောင်းခွဲရှိ “ နတ်သျှင်နောင်” စာသင်ဆောင်အနီး လမ်းပေါ်၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ရန်မျိုးအောင်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ “ကမ္ဘောဇ”ကျောင်းဆောင်အရှေ့ဘက် ကိုက် ၂၀၀ ခန့်အကွာ၌ လည်းကောင်း၊ နန်းတော်ကုန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝင်ပေါက်အနီး၌လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။ အလားတူ နံနက် ၈ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ အမှတ်(၁)စံပြ ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး၌ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၂ လုံးအား တွေ့ရှိရ သဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ၈၃ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားနေ မိုးဝင်း (၃၃)နှစ် (ဘ) ဦးဖိုးရွှေသည် လမ်းဘေး၌ကားပြင်နေစဉ် ၈၃ လမ်းအတိုင်း အကြမ်းဖက်သူအမျိုးသား ၈ ဦး (စိစစ်ဆဲ) မောင်းနှင်လာသော ဆိုင်ကယ် ၄ စီးမှ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ ၎င်းကားပြင်နေသည့် နေရာအနီး၌လည်းကောင်း၊ အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ မြောက်ပိုင်း ရပ်ကွက်၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနဝင်းအတွင်းရှိ ရေမြောင်းအတွင်း၌ Keypad ဖုန်းဖြင့် TNT ယမ်း ၁ ပေါင်ခန့်တို့ဖြင့် ချိတ်ဆက်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ ရန်ကုန်-မန္တလေးရထားသံလမ်းဘေးမှ လက်လုပ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
သတင်းစဉ်