နေပြည်တော် မေ ၃
မကွေးတိုင်းဒေသကြီး ထီးလင်းမြို့ အမှတ်(၁) ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံးအနီး ထီးလင်းဂန့်ဂေါသွား ကားလမ်းပေါ်သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦးသည် ယနေ့ နံနက် ၆ နာရီခန့်တွင် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်မိုင်း ၁ လုံး ပစ်ချထွက်ပြေးခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ပေါက်ကွဲမှုကြောင့် ရုံးရှေ့ကတ္တရာ လမ်းပေါ်တွင် အကျယ် ၃ လက်မ၊ အနက်လက်မ ဝက်ခန့် ပေါက်ပြဲပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း တွေ့ရှိခဲ့ရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့သူ အကြမ်းဖက်သူများအား ဖမ်းဆီး ရမိရေး လိုက်လံစုံစမ်းရှာဖွေခဲ့ရာ နံနက် ၇ နာရီတွင် ထီးလင်း-ဂန့်ဂေါသွားကားလမ်း မိုင်တိုင်အမှတ် ၉၉ မိုင်၊ ၄ ဖာလုံနှင့် ၅ ဖာလုံကြား ဝက်သက်ကျေးရွာ အဝင်လမ်းထိပ်သို့ ရောက်ရှိစဉ် လမ်းယာဘက် ကိုက် ၁၀၀ ခန့်အကွာ တောင်ယာတဲအတွင်းမှ လက်နက် ကိုင် အကြမ်းဖက်အင်အား ၄၀ ခန့်က လုံခြုံရေး တပ်ဖွဲ့ဝင်များအား တူမီးသေနတ်များ၊ အခြား လက်လုပ်သေနတ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက် သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်
ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များက တောင်ယာတဲကို ရှာဖွေစစ်ဆေးရာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ ကျန်ရှိခဲ့ သည့် ဆိုင်ကယ် ၆ စီးနှင့် တူမီးသေနတ် ၂ လက်တို့ ကို သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးအဖွဲ့သည် ထီးလင်းမြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ထီးလင်း - ဂန့်ဂေါ ကားလမ်း ထန်းပင်ကုန်းကျေးရွာအနီးတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အင်အား ၃၀ ခန့်က လမ်း၏ယာဘက်တောင်ကုန်းပေါ်မှ တူမီး သေနတ်၊ အခြား လက်လုပ်သေနတ်များ၊ လက်လုပ်ဗုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ လူစုကွဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက်အဖွဲ့မှ အမျိုးသား ၃ ဦးမှာ ထိမှန်ဒဏ်ရာရရှိ သေဆုံးခဲ့ပြီး ထန်းပင်ကုန်းကျေးရွာရှိ နေမျိုးအောင်(၂၉)နှစ် (ဘ) ဦးလှမောင်အား တူမီးသေနတ် ၄လက်၊ လေသေနတ် ၁လက်၊ လက်လုပ်ဗုံး၃လုံးနှင့်အတူထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။ ထို့အတူ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတွင်လည်း တူမီးသေနတ် ထိမှန်ဒဏ်ရာရရှိခဲ့သည်။
နံနက် ၉ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထီးလင်းမြို့ လုံခြုံရေးအခြေအနေကို အနီးကပ် ကြီးကြပ်နိုင်ရန်နှင့် လုံခြုံရေးအင်အား ဖြည့်တင်းနိုင်ရေးအတွက် ဂန့်ဂေါမြို့မှ ထွက်ခွာလာရာ ထီးလင်းဂန့်ဂေါသွားကားလမ်း ထန်းပင်ကုန်းကျေးရွာအနီး၌ လက်နက်ကိုင်အကြမ်းဖက်အင်အား ၅၀ ခန့်က တူမီးသေနတ်၊ အခြားလက်လုပ်သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့သုံး မော်တော်ယာဉ် ၁ စီး ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်ရန်ပြု ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်