Skip to main content

အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်စေရန် ကျေးရွာလူငယ်များ ကိုယ်တိုင် ထိန်းသိမ်းစီမံနိုင်ရေး ကြိုးပမ်းရန်လိုအပ်

နေပြည်တော် မေ ၃

နိုင်ငံ၏ စီးပွားရေးပုံသဏ္ဌာန်ပြောင်းလဲရေးအတွက် အဓိကအခြေခံကျသော ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဒေသနေပြည်သူများ၏ လိုလားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးရေး အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲပြီး အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ကျေးရွာကော်မတီများနှင့် ကျေးရွာရွာသူကျေးရွာသား များက ညီညွတ်စွာ ထိန်းသိမ်းစောင့်ရှောက်သည့် အလေ့အထကောင်းများရှိခြင်းသည် အားသာချက် တစ်ခု ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

မေ၂ ရက်နံနက်ပိုင်းက မြိတ်ခရိုင် ကျွန်းစုမြို့နယ် သဲအော်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာအသေးစား ဓာတ်အားပေးရေးစနစ် (Solar Mini- Grid) ဖွင့်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နည်းပညာသင်ယူလေ့လာရန် အခြေခံရှိသည့် ကျေးလက်လူငယ်များ အနေဖြင့် စီမံကိန်းကာလအတွင်း လိုအပ်သည့် ထိန်းသိမ်းပြုပြင်နည်းများကို ကြိုတင်လေ့လာ သင်ယူကြစေလိုကြောင်း၊ ကျေးရွာက အပြည့်အဝ တာဝန်ယူစီမံခန့်ခွဲရမည့် သတ်မှတ်ကာလတွင် မိမိကျေးရွာလူငယ်များကိုယ်တိုင် ကျွမ်းကျင်စွာ ထိန်းသိမ်းစီမံနိုင်မည်ဆိုပါက ကျေးရွာဖွံ့ဖြိုးမှုကို များစွာအထောက် အကူ ဖြစ်စေနိုင်ပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးမောင်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်အဆင့် တာဝန်ရှိသူများ၊ သဲအော်ကျေးရွာ မီးလင်းရေးကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြသည်။

ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေးအတွက် မဟာဓာတ်အား လိုင်းပြင်ပကျေးလက်မီးလင်းရေး လုပ်ငန်းများကို မဟာဓာတ်အားလိုင်း ပြင်ပ အမျိုးသားအဆင့် လျှပ်စစ်မီးလင်းရေးစီမံကိန်း (NEP Off-grid) မူဝါဒနှင့်အညီ လာမည့် (၁၀)နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး မရနိုင်သေးသော ဒေသများ၊ မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင်အထက် ဝေးကွာသောဒေသများ၊ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသောကျေးရွာများ၊ အိမ်ခြေ ၅၀ အထက်ရှိ၍ လူနေသိပ်သည်းသော ကျေးရွာများကို ဦးစားပေး ရွေးချယ်ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့ဘဏ်နှင့် ဂျာမန်ဖွံ့ဖြိုးရေးအေဂျင်စီ GIZ တို့မှ နည်းပညာနှင့် ထောက်ပံ့မှုဖြင့် မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီကထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ လျှပ်စစ်မီး ရရှိအသုံးပြုနိုင်မှုကြောင့် ကျေးလက်နေပြည်သူများအတွက် လျှပ်စစ်မီး အလင်းရောင်ရရှိရုံသာမက ငါး၊ ကျောက်ကဏန်း၊ ကင်းပုစွန်များ မွေးမြူရေးလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားရယူ အသုံးပြုနိုင်ခြင်း၊ အသေးစားကုန် ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ကြခြင်း၊ ကျေးရွာအတွင်း တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးချဲ့ ထုတ်လုပ်နိုင်ခြင်း၊ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်၍ သဲအော်ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူ ပြုလျက်ရှိသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့ အိုကေ အဆင့်မြင့် ဆန်စက်သို့ရောက်ရှိကြပြီး ခေတ်မီအဆင့်မြင့်စက်ကြီး များဖြင့် ဆန်များကြိတ်ခွဲခြင်း၊ ချောချော အရောင်တင်လုပ်ငန်း၊ ထုပ်ပိုးသိုလှောင်ခြင်းများ၊ ဘေးထွက်ပစ္စည်း စပါးခွံကိုအသုံးပြု၍ လျှပ်စစ်မီးထုတ်လုပ်၍ ဆန်စက် လုပ်ငန်းများတွင် ပြန်လည်အသုံးပြု နေမှုနှင့် စက်ရုံလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဆန်စက်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် တောင်သူများ အပြန်အလှန် နားလည်ယုံကြည်မှုဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သော ကန်ထရိုက်လယ်ယာစနစ်၏ သဘောတရားများ၊ မျိုးကောင်း မျိုးသန့် ပြောင်းလဲသုံးစွဲရေးနှင့် နည်းပညာလိုအပ်ချက်များအတွက် သက်ဆိုင်ရာဌာနများထံ အကူအညီရယူ ဆောင်ရွက်နိုင်မှု အခြေအနေ များကို ဆွေးနွေးပြောကြားသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်ပြင်ကြီးကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက် ရှိသော အိမ်သွယ်ရေတိုင်စနစ်ဖြင့် ရေပေးဝေနေမှုများကို ကြည့်ရှု အားပေးသည်။

ဆက်လက်၍ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ရွှေဒွေးခြံတွင် မိုးရဝသီ မိုးကာဖြင့် ရော်ဘာအစေးခြစ်ခြင်း ကွင်းသရုပ်ပြပွဲ နှင့် ဆီအုန်းသုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပညာရှင်များ၊ ခြံတာဝန်ခံများ၊ နည်းပညာ ပြန့်ပွားရေး ဝန်ထမ်းများနှင့် ဒေသခံတောင်သူ များအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်