Skip to main content

ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းချက်များနှင့်အညီ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကြီးကို မေ ၅ ရက်တွင် ဖွင့်လှစ်မည်

ရန်ကုန် မေ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကြီးကို လာမည့် မေ ၅ ရက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားမှုလုပ်ငန်းစဉ်များကို စတင်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဒီ အရှေ့ပိုင်း တက္ကသိုလ်ကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားမှု တွေ အဆက်မပြတ်လုပ်ဆောင်သွားဖို့ လုပ်ငန်းစဉ်တွေ ချမှတ် လုပ်ဆောင်နေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက် တွေနဲ့အညီကျောင်းသားများအေးချမ်းစွာ ပညာဆက်လက်သင်ကြားနိုင် ရေး အဓိကထား ဆောင်ရွက်နေတာပါ။ အခုစတင်ဖွင့်လှစ်မှာကလည်း ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ မပြီးပြတ်သေးတဲ့ နောက်ဆုံးနှစ် သင်တန်းတွေနဲ့ မဟာဘွဲ့ ရေးသင်တန်းတွေကို စတင်ဖွင့်လှစ်ပေးမှာဆိုတော့ ကျောင်းဆောက်လုပ်ငန်းစဉ်တွေအနေနဲ့ကတော့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ ကျောင်းသားများ လိုအပ်မှုမရှိဘဲ အဆင်ပြေပြေ ဆက်လက် ပညာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ အဒေါ်က သမီးလေးအတွက် ကျောင်းကို လာရောက်စုံစမ်းတာပါ။ သမီးလေးက ဒီအရှေ့ပိုင်း တက္ကသိုလ် သင်္ချာမေဂျာ နောက်ဆုံးနှစ် တက်နေတာ။ သမီးလေးကလည်း နယ်ခရီးထွက်နေတော့ မေ ၅ ရက် မှာ ကျောင်းတွေပြန်ဖွင့်မယ်ကြားလို့ ကျောင်းသားရေးရာဌာနကို အခုလို လာပြီးစုံစမ်းကြည့်တာ။ အဒေါ်အနေနဲ့ကတော့ သားသမီးတွေ ကျောင်းမြန်မြန်ပြီး အလုပ်မြန်မြန်ဝင်စေချင်တာပေါ့။ ဒီသမီးငယ်လေးပဲ ကျန်တော့တာ။ ကျန်တဲ့သားသမီးတွေက အားလုံးကျောင်းပြီး/ဘွဲ့ရလို့ အလုပ်ကိုယ်စီ ဝင်နေကြပြီ။ အခုဆို ကိုဗစ်-၁၉ ရောဂါနဲ့ ပညာသင်နှစ် တစ်နှစ်ကြီးတောင် နစ်နာခဲ့ပြီ။ အဒေါ်အနေနဲ့ ကတော့ အေးအေး ချမ်းချမ်းနဲ့ ကျောင်းတွေပြန်ဖွင့်ပြီး ဘွဲ့မြန်မြန်ရစေချင်တာပါပဲ” ဟု သာကေတ မြို့နယ်တွင်နေထိုင်သည့် ကျောင်းသားမိဘတစ်ဦးက သူ့အမြင်ကို ရင်ဖွင့်ပြောကြားသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက် (၂၀၁၉-၂၀၂၀)ပညာသင်နှစ် စာမေးပွဲများဖြေဆိုဆဲ ကာလမှစတင်ကာ ယာယီပိတ်ထားခဲ့သည်မှာ ယခုအချိန်တွင် ပညာသင်နှစ်တစ်နှစ် ကျော်လွန်ခဲ့ပြီဖြစ်သည်။ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကြီး အနေဖြင့် မေ ၅ရက်မှ စတင်ကာ တစ်ဆင့်ပြီး တစ်ဆင့် ပြန်လည်ကာဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းခွင်များမှ အဝေးသင်တက်ရောက်သင်ကြားနေသော သင်တန်းသားများအတွက် အဆင်ပြေပြေ ဆက်လက်ပညာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်