နေပြည်တော် မေ ၃
ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် စီးပွားရေးဆိုင်ရာ လိုင်စင်၊ ပါမစ်၊ ထောက်ခံ ချက်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရုံးအမှတ် (၁)၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ရရှိပြီးနောက်ပိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ/ အဖွဲ့အစည်းများ၏ စီးပွားရေးနှင့် သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များကို ဆက်လက်လျှောက်ထား ရယူရာတွင် အချို့ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များအတွက် အခက်အခဲများနှင့် ကြန့်ကြာမှုများ ကြုံတွေ့ နေရကြောင်း၊ သို့ပါ၍ သက်ဆိုင်ရာ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ထုတ်ပေးမှုအပေါ် ပြန်လည်သုံးသပ်၍ ဖြေလျော့မှု များ ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါကြောင်း၊ ထိုသို့ ပြန်လည်သုံးသပ်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခဲ့ရာ “ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများနှင့် သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ပြန်လည် သုံးသပ်ရေးအဖွဲ့” ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် နိုင်ငံ့စီးပွားရေးကို လျင်လျင်မြန်မြန် ဦးမော့လာစေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုလွယ်ကူ လျင်မြန်သွက်လက်စွာဖြင့် ဆောင်ရွက်နိုင်ရေးအတွက် တီထွင်ကြံဆမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်အခါ အခြေအနေအရ စီးပွားရေးကဏ္ဍ တစ်ရပ်လုံး မြန်မြန်ဆန်ဆန်နှင့် လည်ပတ်လုပ်ဆောင်နိုင်ရန် အရေးတကြီးလိုအပ်နေချိန်ဖြစ်၍ ဥပဒေ၊ နည်းဥပဒေများအရ မဖြစ်မနေ ရယူဆောင်ရွက်ရမည့် ကိစ္စရပ်များမှအပ ဖြေလျော့ ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို လည်းကောင်း စတုတ္ထ စက်မှုပြုပြင်ပြောင်းလဲရေးကို တစ်ကမ္ဘာလုံးက အရှိန်အဟုန်နှင့် ဆောင်ရွက်နေချိန်ဖြစ်၍ လူကိုယ်တိုင် စာရွက်စာတမ်း အထောက်အထားများစွာဖြင့် ဆောင်ရွက်နေရသည့် ကိစ္စရပ်များအား Online စနစ်ဖြင့် ပြောင်းလဲကျင့်သုံးနိုင်ရေး အတွက် လည်းကောင်း၊ One Stop Service ဖြင့် ဆောင်ရွက်ရန် စံ လုပ်ထုံးလုပ်နည်း (SOP) ရေးဆွဲဆောင်ရွက်ရန် ကိစ္စများအတွက် နည်းပညာအကူအညီ အထောက်အပံ့ လိုအပ်ချက်များအတွက်လည်း တင်ပြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် ပြည်ထောင်စုအဆင့်ဝန်ကြီး ဌာနနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၁၆ ခု က ခွင့်ပြုပေးလျက်ရှိသည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက် စုစုပေါင်း ၂၇၃ မျိုးရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးသည့် လုပ်ငန်းများနှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိသည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်အရေ အတွက်မှာ ၁၅၁ မျိုး ရှိသည်ကို ပဏာမ စိစစ် တွေ့ရှိပါကြောင်း၊ အဆိုပါ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များအနက် လူကိုယ်တိုင်လာရောက် လျှောက်ထားရယူရသည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက် ၁၃၄ မျိုး ရှိနေသည်ကို တွေ့ရပါကြောင်း၊ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ထုတ်ပေးသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးများ ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်၍ ပူးပေါင်းပါဝင်ကြရန် ဆွေးနွေးသည်။
ဆက်လက်၍ “ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ပြန်လည်သုံးသပ်ရေးအဖွဲ့”၏ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွဲ့အနေဖြင့် အသေးစိတ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် “ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက် များ ပြန်လည်သုံးသပ်ရေးအဖွဲ့” အဖွဲ့ဝင်များ စုစုပေါင်း (၅၀) တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)