နေပြည်တော် မေ ၃
ပညာရေးဝန်ကြီးဌာန အခြေခံပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းများမဖွင့် နိုင်ခဲ့သည်မှာ တစ်နှစ်ဝန်းကျင်ရှိခဲ့ပြီဖြစ်ပြီး ပညာတတ် ဘွဲ့ရများမွေးထုတ်ပေးရန် တစ်နှစ်နောက်ကြခဲ့ပြီဖြစ်ပါကြောင်း၊ ပညာမသင်ကြားရသည့်အတွက် ကျောင်းသား ကျောင်းသူများအတွက် နစ်နာသလို နိုင်ငံတော်အတွက်လည်း နစ်နာပါကြောင်း၊ မကြာခင် ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများ အားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်တော့မည်ဖြစ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ၏ပညာရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ယနေ့အစည်းအဝေးကို ရောက်ရှိလာသည့် ဆရာကြီး ဆရာမကြီးများနှင့်အတူ အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းစုပေါင်းကာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပါတ်ကို မေ(၂၄)ရက်မှ မေ(၃၁) ရက်အထိ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်များကိုလည်း တစ်ပြိုင်တည်း စိုက်ထူ၍ လှုံ့ဆော်ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုသူများက ကျောင်းအပ်နှံသည့်အခါ ငွေကြေး များကောက်ခံမည်ဟု ကောလာဟလ သတင်းမှားများထုတ်လွှင့်ကာ ပြည်သူများ အထင်အမြင်မှားအောင် ဆောင်ရွက်မှုများ ရှိနေသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်၍ ပြည်သူများ သတင်းမှန်သိအောင် မိမိတို့က အချိန်နှင့်တပြေးညီ သတင်းမှန်များကို အသိပေးဆောင်ရွက် ကြရန်လိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခမဲ့ပညာရေး စနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ မူလတန်းအ ဆင့်တွင် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ(၄)ချောင်းစီ၊ အလယ်တန်းနှင့်အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဌာန်း စာအုပ်များ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂)ချောင်းစီ၊ ကျောင်းသားကျောင်းသူများ ဆရာ ဆရာမများတစ်ဦးလျှင် ပြန်လည်အသုံးပြုနိုင်သည့် Mask (၂)ခုစီ၊ Face Shield (၁)ခုစီတို့ကို ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း။
ကျောင်းအားလုံးကိုလည်း ကိုယ်အပူချိန်တိုင်းကိရိယာ(Infrared thermometer) များကို ပံ့ပိုးပေးထားပြီး ဖြစ်ပါကြောင်း၊ ဆရာကြီး ဆရာမကြီးများအနေဖြင့် မိမိတို့ နေရာဌာန ပြန်ရောက်သည့်အခါ အခမဲ့ပညာရေး စနစ်အကောင် အထည်ဖော်ဆောင် ရွက်နေမှုများ၊ သိသင့်သိထိုက်သည်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ထပ်ဆင့်ရှင်းလင်းအကောင်အထည်ဖော် ဆောင်ရွက် စေလိုပါကြောင်း၊ ဝန်ထမ်းအားလုံးသည် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ပါကြောင်း၊ ဆရာဆရာမများ အားလုံးသည်လည်း နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ပါကြောင်း၊ ခေတ်စနစ် မည်သို့ပင်ပြောင်းနေပါစေ ဝန်ထမ်းများသည် ကိုယ့်အလုပ်ကို တာဝန်ကျေပွန်အောင် လုပ်ဆောင်ကြရမည်သာဖြစ်ပါကြောင်း၊ မိမိတို့ ပညာရေးဝန်ထမ်းသည် အခြားသောဌာနဝန်ထမ်းများနှင့် မတူပါကြောင်း၊ နိုင်ငံ၏ အနာဂတ် သားကောင်း ရတနာများကို မွေးထုတ်ပေးနေသည့် ပဲ့ကိုင်ရှင် ဆရာ ဆရာမများဖြစ်ပါကြောင်း၊ မိမိတို့၏ခံယူချက်၊ ယုံကြည်ချက်၊ ယူဆချက်များမှန်ကန်ပါမှ ကျောင်းသား ကျောင်းသူများကို မှန်ကန်စွာပညာသင်ကြားပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများအား ကျောင်းပြဋ္ဌာန်း စာအုပ်ပါ သင်္ခန်းစာများအပြင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ယဉ်ကျေးမှုများ၊ လိမ္မာရေးခြားရှိစေမည့် ဘာသာရေး အဆုံးအမ သင်္ခန်းစာများကိုလည်း သင်ကြားပေးစေလိုပါကြောင်း၊ သားသမီးကမိဘကို အငယ်ကအကြီးကို တပည့်က ဆရာကို စသဖြင့် အပြန်အလှန် လေးစားမှု ဂါရဝတရားများ ရှိအောင်၊ လိမ္မာယဉ်ကျေးအောင်၊ ပညာတတ်အောင် အခြေခံပညာရေး ကတည်းက ပြုစုပျိုးထောင်သင်ကြား ပေးကြရမည်ဖြစ်ပါကြောင်း။
ဆရာ ဆရာမများအနေဖြင့် စီမံကိစ္စများဆောင်ရွက်ရာတွင် ငွေကြေးပြဿနာများ ကင်းရှင်းအောင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်စေလိုပါကြောင်း၊ မွန်မြတ်သော ဆရာဟူသည့်ဂုဏ်သိက္ခာကို တန်ဖိုးထား၍ ပညာရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်စေလိုပါကြောင်း၊ ဆင်းရဲ ချမ်းသာ မခွဲခြားဘဲ ကလေးများ အားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ပညာသင်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ကလေးများအတွက် ပညာရေးအတွက် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ကြမည့် ဆရာဆရာမများအား လုပ်ငန်းခွင်သို့ရောက်အောင် ဖေးမကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ကျောင်းများအတွက် လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ တင်ပြပါက အချိန်မီဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ် ပါကြောင်း၊ ကျောင်းများဖွင့်လှစ်ရာတွင် ဘေးပတ်ဝန်းကျင်၏ရိုက်ခတ်မှုများ မရှိစေရေးအတွက် ဆရာကြီးဆရာမကြီးများအားလုံးအတွက် လုံခြုံရေးအပြည့်အဝဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရေး စိတ်အေးချမ်းသာစွာဖြင့် ပြည်သူများနှင့်အတူ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က ကျောင်းများပြန်လည် ဖွင့်လှစ်ရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ၊ ခရိုင် ပညာရေးမှူးများက အခြေခံပညာ ကဏ္ဍလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ၊ ခရိုင် ပညာရေးမှူး များက ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအကြံပြုကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)