နေပြည်တော် မေ ၁
နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက် ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော်ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံး လမ်းမကြီးများ၊ နိုင်ငံတော်ပိုင်နှင့် အများပြည်သူပိုင် အဆောက်အအုံများပေါ်တွင်ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက်များကို ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည် ကိုတွေ့ရှိရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များကို ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသားလှုံ့ဆော် ဖြန့်ဝေသူများကိုလည်း နိုင်ငံတော်တည်ငြိမ် ရေးအတွက်ရှေးရှုကာ ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။
သိမ်းဆည်းရမိ
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက် နေ့ နံနက် ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂)ရပ်ကွက်နေ စိုးဝင်း (၅၄ နှစ်) (ဘ) ဦးဖိုးတော၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား တွေ့ရှိရသဖြင့် ထိန်းသိမ်းခဲ့ပြီး ဆက်လက် ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အမှတ်တံဆိပ်ပါ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂)ရပ်ကွက် မဲဆန္ဒရှင်စာရင်းစာရွက် ၁၂၉ ရွက်၊ Hand Speaker နှစ်ခု၊ စပရေးဘူး သုံးဘူး၊ နိုင်ငံတော်ဆန့်ကျင်ရေးစာသားများပါ စာရွက် နှစ်ရွက်၊ လက်ကိုင်ဆိုင်းဘုတ်ပြုလုပ်ရာတွင် အသုံးပြုသည့် ဝါးချောင်း ၁၅၀ နှင့် အခြား ဆက်စပ် ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ သည်။
အလားတူ နံနက် ၈ နာရီတွင် မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့ အောင်ဇေယျရပ်ကွက် ၌ လူစုလူဝေးအင်အား ၃၅ ဦးခန့်သည် စုဝေး၍ ရတနာမာန်အောင်ရပ်ကွက်မှတစ်ဆင့် ရေစဉ်ကြီး ဘက်သို့ လမ်းလျှောက်ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လူစုခွဲနိုင်ရေး ဥပဒေနှင့်အညီ ညှိနှိုင်းမှုပြုလုပ်ခဲ့ရာ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဈေးအရှေ့ပြင် ရပ်ကွက် ဘူတာရုံအရှေ့အရောက်၌ လူစုကွဲသွားခဲ့ကြောင်း သိရသည်။
လူစုခွဲရှင်းလင်း
အလားတူ နံနက် ၁၀ နာရီတွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ကျိုက်ပေါက် ကျေးရွာအတွင်း လူစုလူဝေးအင်အား ၅၀ ခန့် ဆူပူအကြမ်းဖက် ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ လူစုခွဲရှင်းလင်းခဲ့ရာ နံနက် ( ၁၀ နာရီ ၁၅ မိနစ်တွင် လူစုကွဲသွားခဲ့ပြီး အဆိုပါ လူအုပ်စုအတွင်းမှ ပဲခူးမြို့မဟာစေတီ ရပ်ကွက်နေ သန်းထွဋ်အောင် (၂၁နှစ်)(ဘ) ဦးစိန်ဝင်းပါ အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်