Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ရန်ကုန် မေ ၁

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ်  အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင့်ကြံ နေထိုင်သွားရန်၊ ရသင့်ရထိုက်သော အခွန်အခများရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အိမ်နီးချင်းနိုင်ငံ အချို့တွင် ကိုဗစ်-၁၉ ရောဂါများ တစ်ကျော့ပြန်လည်ဖြစ်ပွားမှုများ မြင့်တက် လာနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် ဝန်ထမ်းတစ်ဦးချင်းမှစ၍ ကျန်းမာရေးကို အထူးဂရုပြုနေထိုင်စားသောက်ကြရန်၊ ထို့ပြင် လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ရန်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် သုံးစွဲဆောင်ရွက်နေ သောလုပ်ငန်းများကို ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ ဂရုပြုစိစစ်သုံးစွဲရန်နှင့် အဂတိလိုက်စားမှု မရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်သမိုင်းပြတိုက်နှင့် ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးဌာနခွဲ (Myanmar Automated Cargo Clearance System - MACCS) ရှိ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေး အထူးဂရုပြုဆောင်ရွက်သွားရန် မှာကြားသည်။  

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ရောက်ရှိပြီး အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး အစည်းအဝေးခန်းမ၌ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများ၊ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ၏ သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP)အရ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ဝန်ထမ်း များ လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်မှုအခြေအနေနှင့် လိုအပ်ချက်များရှိပါက အချိန်မီတင်ပြကြရန် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် အခွန်ကောက်ခံမှုများ လျော့နည်းနိုင်သော်လည်း ကောက်ခံရန်ရှိသည့် အခွန်များကို အပြည့်အဝ ကောက်ခံရရှိရေး ကြိုးစားဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ အခွန်ထမ်းများ အခွန်ပေး ဆောင်မှု လွယ်ကူစေရေးအတွက် Online Payment များဖြင့် အခွန်ပေးဆောင်မှုများကို အဆင်ပြေ ချောမွေ့စွာဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေများ တိုးမြင့်လာနိုင်ဖွယ် ရှိသည့်အတွက် ဝန်ထမ်းများ ကျန်းမာရေးကို အထူးဂရုစိုက် ကြရန်နှင့် လုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)