Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည်  ဧပြီ ၃၀ ရက်တွင် မန္တလေး မြို့ရှိ မြန်မာ့မီးရထား၊ မန္တလေးဘူတာကြီး၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ)၊ ရတနာပုံသင်္ဘောကျင်း၊ ဒီဇယ်စက်ခေါင်း စက်ရုံ (ရွာထောင်)၊ လူစီးတွဲနှင့် ကုန်တွဲ စက်ရုံ (မြစ်ငယ်)တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင်မန္တလေးမြို့၊ မန္တလေးဘူတာကြီး၊ ခန်းမဆောင်၌ ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မီးရထား၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်းတို့မှ အရာထမ်း၊ အမှုထမ်းများကို လည်းကောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန(ဧရာဝတီဌာနခွဲ) ခန်းမဆောင်တွင် ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများကိုလည်းကောင်း မွန်းလွဲပိုင်းတွင် မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)မှ အရာထမ်း၊ အမှုထမ်းများ ကိုလည်းကောင်း တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဌာနများမှ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ ဒီဇယ်စက်ခေါင်း စက်ရုံ(ရွာထောင်)၌ စက်ခေါင်းများပြုပြင်ခြင်း၊ စက်ခေါင်း အရံပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်းများကို တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေ၌ ဝန်ကြီးဌာနနှင့် ပတ်သက် ဆက်စပ်သည့် နေရာများတွင် အဖျက်အမှောင့်လုပ်ငန်းများကို မကြာခဏ လာရောက်လုပ် ဆောင်လေ့ရှိသဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုစိုက်ကြရန် လိုကြောင်း၊ ထူးခြားဖြစ်စဉ်များ ဖြစ်ပွားလာပါက အထက်အကြီးအကဲများထံ အချိန်နှင့်တပြေးညီ သတင်းပို့ တင်ပြရန်နှင့် လုံခြုံရေးအထူးသတိရှိကြရန်လိုကြောင်း၊ စီမံကိန်းလုပ်ငန်းများအနေဖြင့် လက်ရှိ ဆောင်ရွက်ဆဲ On going Process လုပ်ငန်းများကိုအရှိန်အဟုန်မပျက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးချိန်တွင် မသမာသူများ၏ သွေးထိုးလှုံ့ ဆော် မှုကြောင့် လူစုလူဝေးများဖြင့် ဆူပူဆန္ဒပြခြင်း၊ လူစုလူဝေးဖြင့် ဆူပူ အကြမ်းဖက်ဆန္ဒပြခြင်း၊ ရရာလက်နက်များဖြင့် တိုက်ခိုက်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်း များ တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်ရာတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ ပြည်သူ များ ရက်ရက်စက်စက်သတ်ဖြတ် ခံခဲ့ရကြောင်း၊ ဝန်ထမ်းများ ကို CDM လှုပ်ရှားမှုများတွင် ပါဝင်အောင် လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်းတို့ကြောင့် ဝန်ထမ်းများ CDM လှုပ် ရှားမှုများတွင် ပါဝင်ခဲ့ကြကြောင်း၊ CDM လှုပ်ရှားမှုကြောင့် ရထားပြေးဆွဲခြင်း၊ သင်္ဘောပြေး ဆွဲခြင်း လုပ်ငန်းများ ခေတ္တရပ်တန့်သွားခဲ့ကြောင်း၊ နောက်ပိုင်းတွင်  CDM လှုပ်ရှားမှုများတွင် မပါဝင်ခဲ့သော ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက် ခဲ့မှုကြောင့် ရထားများ၊ သင်္ဘောများ ပြန်လည် ပြေးဆွဲနိုင်ခဲ့ပြီး ရုံးလုပ်ငန်းများလည်း ပုံမှန်ဆောင်ရွက်နိုင် ခဲ့ပြီးဖြစ်၍ ကြိုးပမ်း ဆောင်ရွက် ခဲ့သည့် ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များအပေါ် အသိအမှတ်ပြုပါကြောင်း။

 

ဌာနများအလိုက် အကြောင်းမဲ့ပျက်ကွက်နေသော ကျန်ဝန်ထမ်းများအား မိမိဌာန၏ လူစွမ်းအား အရင်းအမြစ်များ မဆုံးရှုံးစေရေး စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြုန်းတီး ဝန်ထမ်းနေရာများအတွက် ပြန်လည်ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဌာနများတွင် အထက် အကြီးအကဲ၊ လက်အောက်ငယ်သားများ အမြဲတမ်းထိတွေ့ဆက်ဆံ၍ ဌာနတွင်း စည်းလုံးညီညွတ်ရေးကို စဉ်ဆက်မပြတ်တည်ဆောက်နေကြရန်၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ကိစ္စရပ်များကို အထူးအလေးထားဆောင်ရွက်ပေးကြရန်နှင့် ဌာနအကြီးအကဲ အဆင့်ဆင့်အနေဖြင့် မိမိတို့ဌာန ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များ ပုံမှန်ပြန်လည် ဆောင်ရွက်နိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန်မှာကြားပြီး ဌာနများမှ အရာထမ်း၊ အမှုထမ်းများအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးဘူတာကြီး အဆောက်အဦနှင့် ဆက်စပ် လုပ်ငန်း ဆိုင်ရာနေရာများ ၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးလက်အောက်ရှိ ရတနာ ပုံသင်္ဘောကျင်း၌ သင်္ဘောလွန်းတင်ပြုပြင်မှု၊ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်း၊ စက်ခေါင်းအရံ ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊  မြန်မာ့မီးရထား လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)တွဲ သစ်တည်ဆောက်ရေး စက်ရုံအတွင်းရှိ ကိုရီးယားနိုင်ငံ နှင့်တရုတ်နိုင်ငံများမှ ဝယ်ယူထားသည့် လူစီးတွဲသစ်များနှင့် တွဲတည်ဆောက် ရေးလုပ်ငန်းနှင့် မြစ်ငယ်ဘူတာရုံရှိ အထူးရထားတွဲ ဆိုင်း အား ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက လိုက်လံပြသရှင်းလင်း တင်ပြသည်။

 

(သတင်းစဉ်)