မန္တလေး၊ မေ ၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အရှင်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက (၇၃) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ (သဘောရေးဖြေ)စာမေးပွဲများ၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများ ကျင်းပမည့်အခြေအနေများ၊ သာသနာတော် တည်တံ့ပြန့်ပွားရေး အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဆရာတော်သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များအား COVID 19 ကာကွယ်ဆေး ထိုးနှံပေးမှုအခြေအနေများကို လျှောက်ထားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့ရှိ တိလောကဂုရုလိုဏ်ဂူသို့ သွား ရောက်၍ ညောင်ရမ်းခေတ် နံရံဆေးရေးပန်းချီများသည် နှစ်ကာလကြာမြင့်ပြီး ရာသီဥတုနှင့် လူတို့ပရောဂကြောင့် ထိခိုက်မှုမရှိစေရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။ ယင်းနောက် အင်းဝရှေးဟောင်း သုတေသန ပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်တွင် ခင်းကျင်းပြသထားသော အင်းဝခေတ် အနုလက်ရာ ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် သမိုင်းတင်မီနှင့် သမိုင်းတင်ပြီးခေတ်များက ပျောက်ကွယ်နေသော သဲလွန်စများကို ရှာဖွေဖော် ထုတ်ထိန်းသိမ်းရသော အလုပ်ဖြစ်ကြောင်း၊ ရှာဖွေဖော်ထုတ်ရရှိသော တွေ့ရှိ ချက်များကို သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနနှင့် ပေါင်းစပ်လိုက်ပါက နိုင်ငံတော် အတွက် အဖိုးတန်သည့် သမိုင်းအချက်အလက်များ ရရှိလာမှာဖြစ်ကြောင်း၊ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် ရှေးမူလက်ရာမပျက်စေရေး အလေးထား ဆောင်ရွက်ရန် လိုကြောင်း၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ရှေးဟောင်းဆိုင်ရာနယ်မြေ၊ အဆောက် အအုံများကို မိမိတို့ဝန်ကြီးဌာန Website တွင်ဖော်ပြရန်၊ လက်ကမ်းစာစောင်များ ရိုက်နှိပ်ထုတ်ဝေရန်လိုကြောင်းနှင့် ဖော်ထုတ် ထိန်းသိမ်းရေးကိုလည်း သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းဝမြို့ဟောင်းအတွင်းရှိ ပြုပြင်ထိန်းသိမ်း လျက်ရှိသော ဗားကရာသစ်သား ဘုန်းတော်ကြီးကျောင်း စည်တိုပုံမြို့ရိုး၊ နန်းမြင့်မျှော်စင်နှင့် မယ်နုအုတ် ကျောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)