နေပြည်တော် ဧပြီ ၃၀
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဧပြီ ၂၈ ရက်မှ ၂၉ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများ၊ ဆေးတက္ကသိုလ်-မန္တလေး၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန- မန္တလေးနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနခွဲမန္တလေးသို့ ကွင်းဆင်းစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၂၈ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်သူ့ဆေးရုံကြီး၊ မိတ္ထီလာမြို့သို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးက အရေးပေါ်လူနာဌာနတွင် လူနာများ ကုသမှုပေးနိုင်ရန် ပြင်ဆင်ထားရှိမှု၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှုတို့ကို လိုက်လံ ရှင်းလင်းပြသသည်။ ဆက်လက်၍ အစည်းအဝေး ခန်းမတွင် ဝန်ထမ်းများနှင့် တွေ့ဆုံကာ မကြာမီ ကာလက နိုင်ငံတော်အကြီးအကဲ ခရီးစဉ်အတွင်း ဆေးရုံကြီးသို့ မိမိလာရောက်စဉ်တွေ့ရှိရသည့် အခြေ အနေထက် များစွာတိုးတက်မှုရှိသော်လည်း ဆေးရုံလုပ်ငန်းအင်အား ပြည့်ဆောင်ရွက်နိုင်ရေး အားလုံး ဝိုင်းဝန်း၍ အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် COVID-19 ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်း အားဖြည့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေး မှာကြားသည်။
ဧပြီ ၂၉ ရက် နံနက် ၈ နာရီ မိနစ် ၂၀တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးမောင်ကို၊ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် တွေ့ဆုံကာ ပြည်သူ့ဆေးရုံများ လုပ်ငန်းစွမ်းအားပြည့်ဆောင်ရွက်နိုင်ရေး၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်များကလည်း ပြန်လည်တင်ပြ ဆွေးနွေးသည်။
ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်
နံနက် ၁၀ နာရီတွင် မန္တလေးပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ မန္တလေးမြို့ပေါ်ရှိ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ တာဝန်ခံ/ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက မန္တလေးပြည်သူ့ဆေးရုံကြီး အပါအဝင် မြို့ပေါ်ရှိ ဗဟိုအဆင့်ဆေးရုံများ လုပ်ငန်း ပုံမှန်ဆောင်ရွက်နိုင်ရေး အထူးအရေးကြီးလျက် ရှိပါကြောင်း၊ မြို့နယ်/ တိုက်နယ်ဆေးရုံများလုပ်ငန်း ဆောင်ရွက်မှုတိုးတက်လာနေသည်နှင့်အညီ ညွှန်းပို့ ဆေးရုံအဆင့်ဖြစ်သည့် ဆေးရုံကြီးများတွင်လည်း လုပ်ငန်း အမြန်စတင်ရန် လိုအပ်နေပါကြောင်း၊ VOVID-19 ရောဂါဆိုင်ရာ ကုသရေးလုပ်ငန်း ပြန်လည် ကြိုတင်ပြင်ဆင်ရမည့်အချိန် ဖြစ်နေပါကြောင်း၊ မိမိတို့၏ COVID-19 ရောဂါ ကာကွယ်။ ကုသရေးလုပ်ငန်းဆိုင်ရာ သတ်မှတ် Protocol အတိုင်း မဆောင်ရွက်နိုင်မီ ရောဂါကူးစက်လာနိုင်သဖြင့် လိုအပ်ချက်များ အမြန်ပြင်ဆင်ကြရန် အရေးကြီးလျက်ရှိပါကြောင်း၊ ကုသရေး/ ဆေးပညာ သင်ကြားရေးတွင် အဓိကပါဝင်နေသည့် သင်ကြား ရေး ဆေးရုံကြီးများတွင် စံနမူနာပြဖြစ်စေရန် စွမ်းအားပြည့် အင်အားပြည့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများကို လိုက်နာခြင်း၊ မိမိတို့သက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာခြင်းစသည့် ကောင်းမွန်သည့် အမွေကို ဆရာများက မျိုးဆက်သစ် တပည့်များသို့ ပေးအပ် နိုင်ရေး ကြိုးစားဆောင်ရွက်ပေးကြပါရန် ဖြစ်ပါကြောင်း၊ ဆင်းရဲချမ်းသာ လူမျိုး/ ဘာသာ/ ရန်သူ မိတ်ဆွေမခွဲခြားဘဲဆေးကုသမှုဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးဖြင့် လုပ်ငန်းခွင် ပျက်ကွက်နေသူများကို ပြန်လည်ခေါ်ယူရမည် ဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ Professional မပျက်စီးစေရန် ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ကိုယ်တိုင် ခံယူချက် မှန်ကန် ရန်နှင့် စည်းကမ်းကျင့်ဝတ်လိုက်နာရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ လူနာများကို ဦးစားပေးရန် လိုအပ် လျက်ရှိပါကြောင်း ဆွေးနွေးကာတက်ရောက်လာကြ သူများ၏တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် အရေးပေါ်လူနာဌာနတွင် လူနာများ လက်ခံကုသနေမှုအခြေအနေ၊ ကင်ဆာရောဂါ လူနာများဆေးသွင်းကုသမှုခံယူနေမှု၊ အတွင်းလူနာများ လက်ခံကုသနေမှုကိုကြရှုစစ်ဆေးရာ တာဝန်ကျ ဆရာဝန်/သူနာပြုများက လိုက်လံရှင်းလင်းပြသခဲ့ပြီး လူနာများကို အားပေးစကား ပြောကြားသည်။
မွန်းလွဲ ၂ နာရီတွင် ဆေးတက္ကသိုလ်- မန္တလေး အစည်းအဝေးခန်းမ၌ မန္တလေးမြို့ပေါ်ရှိ ဆေးဘက် ဆိုင်ရာ တက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ မော်ကွန်းထိန်းများ၊တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆေးပညာသင်ကြား ရေးလုပ်ငန်းများ ပုံမှန်ပြန်လည်စတင်နိုင်ရေး၊ ဝန်ထမ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရေး လက်ရှိဖွင့်လှစ်ထားရှိသည့် ဘွဲ့လွန်သင်တန်းသား များအနေဖြင့် သင်တန်းများတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာကာ ကျောင်းခေါ်ချိန် အနည်းဆုံး ၉၀ ရာခိုင်နှုန်းရှိမှသာ စာမေးပွဲ ဖြေဆိုခွင့်ပြုမည်ဖြစ်ပါသဖြင့် ဌာနမှူးများအနေဖြင့် ကြီးကြပ်ဆောင်ရွက်ရေးတို့အား ဆွေးနွေးမှာကြားကာ တက်ရောက်လာသူများက သင်ကြားရေး၊ စီမံ ခန့်ခွဲရေး၊ ဝန်ထမ်းရေးရာ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဗဟိုအမျိုးသမီး ဆေးရုံကြီး မန္တလေးသို့ ရောက်ရှိခဲ့ပြီး သားဖွားမိခင်/ မွေးကင်းစ လူနာခန်း၊ သားဖွားခန်းများကို ကြည့်ရှုစစ်ဆေးရာ ကျန်းမာရေးဝန်ထမ်းများလည်း လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်လျက်ရှိပြီး ဆေးရုံတွင် အခမဲ့ မွေးဖွားမှုနှင့်အတူ ကျန်းမာရေး ဝန်ဆောင်မှု ပြန်လည်စတင်နိုင်ပြီဖြစ်သဖြင့် လူနာများ ဝမ်းမြောက် ဝမ်းသာဖြစ်နေကြကြောင်း၊ မွေးကင်းစကလေးငယ် များအတွက် ကာကွယ်ဆေးထိုးလုပ်ငန်း ပြန်လည် စတင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ တကာအဆင့်မီ မွေးကင်းစကလေးငယ် အထူး ကြပ်မတ်ကုသခန်း (Neonatal Intensive Care Unit-NICU) ကို နိုင်ငံတော်က ရန်ပုံငွေ အရင်းအနှီး များစွာဖြင့် ဆောင်ရွက်ထားသော်လည်း မွေးကင်းစ ကလေးလူနာများအတွက်အသုံးပြုနိုင်ခြင်း မရှိသဖြင့် ပြည်သူလူထုအတွက် အလွန်နစ်နာသောကြောင့် ဆေးပစ္စည်းကိရိယာများ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ကာ ကျွမ်းကျင်ပညာရှင် ဝန်ထမ်းများ လုပ်ငန်းခွင် အမြန်ဝင်ရောက်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ မန္တလေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အစား အသောက်/ဆေးဝါးဘေးကင်းလုံခြုံရေးကိစ္စများကိုပုံမှန် စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင် ဝင်ရောက်နေသည့် ဝန်ထမ်းအင်အားဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျ တာဝန်ခွဲဝေ ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
နည်းလမ်းရှာဆောင်ရွက်
ညနေ ၄ နာရီတွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲ မှုဆိုင်ရာဌာန- မန္တလေးတွင် အလှူရှင်များက ရန်ပုံငွေများစွာဖြင့် နိုင်ငံတကာအဆင့်မီ COVID-19 ရောဂါရှာဖွေရေး စက်ပစ္စည်းများကို အဆောက်အအုံသစ်တွင် တပ်ဆင်လှူဒါန်းထားသော်လည်း အလှူရှင်နှင့် ပြည်သူများကို မျက်ကွယ်ပြုကာ ဝန်ထမ်းများ အနေဖြင့် တာဝန်မဲ့စွာ လုပ်ငန်းခွင်ကို စွန့်ခွာလျက် ရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူများအကျိုးငှာ အဆိုပါဓာတ်ခွဲခန်းတွင် COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးခြင်းလုပ်ငန်းကို အမြန်ပြန်လည် စတင်နိုင်ရေးနည်းလမ်းရှာ ဆောင်ရွက်သွားမည်ဖြစ်သည်။
ညနေ ၄ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်သူ့ဆေးရုံ၊ တံတားဦးမြို့သို့ ရောက်ရှိပြီး ဆေးရုံအုပ်သူနာပြုဆရာမများ၊ အခြေခံ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ အားပေးစကား ပြောကြားကာ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေအား စစ်ဆေးသည်။ ဆက်လက်၍ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ဆေးသိုလှောင်ခန်း၊ ကာကွယ်ဆေးများသိုလှောင်ခန်း၊ အတွင်းလူနာ ခန်းများ၊ မွေးဖွားပြီးလူနာနှင့် မွေးကင်းစလူနာခန်းများ၊ COVID-19 ကာကွယ်ဆေးထိုးနှံခြင်းများအား လိုက်လံကြည့်ရှု စစ်ဆေးသည်။ ဧပြီ ၂၉ ရက်တွင် အတွင်းလူနာ ၄၇ ဦးတက်ရောက်ကုသမှုခံယူလျက် ရှိပြီး ပြင်ပလူနာ ၄၁ ဦး ကုသပေးခဲ့ကြောင်း၊ လက်ထောက်ဆရာဝန်များ လုပ်ငန်းခွင်စွန့်ခွာသွား သော်လည်း မြို့နယ်ကုသရေးဦးစီးဌာနမှူး/ ဆေးရုံ အုပ်၏ မှန်ကန်သော ခေါင်းဆောင်မှုဖြင့် အခြား ဆေးရုံဝန်ထမ်းများက တက်ကြွစွာ ခွဲစိတ်ကုသမှု မွေးဖွားမှု/ ဆေးကုသမှု စသည့် ဆေးရုံလုပ်ငန်း ပုံမှန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသဖြင့် ဆေးရုံဝန်ဆောင်မှုအား ယုံကြည်စိတ်ချအားကိုးစွာ လူနာများက ရယူလျက်ရှိကြောင်း၊ ဝန်ထမ်းများကလည်း လူနာများအကျိုးငှာ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆရာဝန်၊သူနာပြု ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ COVID-19ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းကိုလည်း စနစ်တကျ အကောင်အထည်ဖော် လျက်ရှိရာ လက်ရှိအချိန်ထိ ၅၂၆၁ ဦး ကာကွယ်ဆေး ထိုးနှံပေးပြီး ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်မပျက် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်းနှင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်