Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ

ရန်ကုန် ဧပြီ ၃၀

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (FDC)ခန်းမ၌ ကျင်းပသည်။

ရွေးချယ်တင်မြှောက်ပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်း (သထုံတင်ထွန်း)နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ယာယီဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်နှင့် ကောင်စီဝင်များ၊ ရွေးချယ်ခံမည့် ကောင်စီဝင်လောင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်း (သထုံတင်ထွန်း)က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဒေါက်တာ ဒေါ်သီတာတင်က ဆန္ဒမဲပေးခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကောင်စီဝင်လောင်းများကို ဆန္ဒမဲပေးပြီး ရွေးချယ်ကြရာ ဒေါ်ခင်သန်းနွဲ့ (မမလားရှိုး)၊ ဦးနေလင်း(မောင်ချိုဝေ)နှင့် ဦးစိုးမင်းတို့ကို ကောင်စီဝင်များအဖြစ် ရွေးချယ်တင်မြှောက်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။

ယနေ့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၌ လစ်လပ်နေရာ ၃ နေရာအတွက် ကျန်ရှိနေသည့် ကောင်စီဝင်လောင်း ၆ ဦး အနက် ၃ ဦးကို   ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)