ရန်ကုန် ဧပြီ ၂၉
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာန အပါအဝင် အခြား ၊ သော သက်ဆိုင်ရာ ဆေးကုသမှုဌာနများ ပြန်လည်ဖွင့်လှစ်ကာ ပြင်ပလူနာ၊ အတွင်းလူနာများအား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ သိရသည်။
“ အခုအချိန်မှာ အထူးကု ပြင်ပလူနာဌာန အားလုံးကို အရင်မူလ ဖွင့်လှစ်ခဲ့တဲ့ နေရာမှာ သက်ဆိုင်ရာဌာနရဲ့ လူနာကြည့်ရှုရက်အလိုက် ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။ ကင်ဆာဆေးပညာဌာနနဲ့ ဓာတ်ရောင်ခြည် ကင်ဆာဌာနရဲ့ ပြင်ပ လူနာဌာနတွေကိုတော့ နံနက် ၈ နာရီကနေ ကြည့်ရှုပေးပြီး ဆေးသွင်းလူနာနဲ့ ဓာတ်ကင်လူနာတွေကို ညနေ ၄ နာရီအထိ ကုသမှုပေးလျက်ရှိပါတယ်” ဟု -ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကင်ဆာဝေဒနာရှင်များ၊ နှလုံးရောဂါ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ -ရောဂါဝေဒနာရှင်များအနေဖြင့် အထူးကု ပြင်ပလူနာဌာနရှိ နှလုံးဆေးကု၊ နှလုံး နှင့် သွေးကြောခွဲစိတ်၊ ဦးနှောက်နှင့် အာရုံကြောဆေးကု၊ ဦးနှောက်နှင့် အာရုံ -ကြော ခွဲစိတ်ကု၊ ကင်ဆာဆေးပညာ၊ ဓာတ်ရောင်ခြည်ဆေးကု စသည့်ဌာန ခြောက်ခုတွင် မတ် ၂ ရက်မှစ၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းနှင့် အရေးပေါ် အထွေထွေခွဲစိတ်ကုသခြင်းများနှင့် နှလုံးနှင့် ပတ်သက်၍ အရေးပေါ်ဆေးကုသမှု(ဥပမာ) နှလုံးခုန်စက် (Pacemaker) လဲလှယ် ပေးခြင်းများကိုလည်း အဆိုပါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြန်လည် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ် ဆေးကုသမှုဌာန ကိုလည်း ဧပြီ ၁၂ ရက်မှစတင်၍ လက်ရှိ ဝန်ထမ်းအင်အားအရ နေ့ဘက်တွင် ရုံးချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားပြီး အရေးပေါ် ခွဲစိတ်ကုသမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆေးရုံသို့လာရောက်ပြသသည့်လူနာများထဲမှ ဆေးရုံတက်ရောက် ကုသရမည့် လူနာများအတွက်လည်း အတွင်းလူနာ၊ အထွေထွေ ဆေးကုသဆောင်အား ဧပြီ ၁၂ ရက်တွင် ဖွင့်လှစ်ပေးခဲ့ပြီး အထွေထွေ ခွဲစိတ်ကုသ ဆောင်နှင့် နှလုံးဆေးကုသဆောင် (CCU) ဌာနများကိုလည်း တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး အခြားသော ဆေးကုသဆောင်များ တိုးချဲ့ဖွင့်လှစ် ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အနယ်နယ်အရပ်ရပ်မှ လွှဲပြောင်းလူနာများ လက်ခံကုသရာတွင် သက်ဆိုင်ရာ ဒေသမှ ဆေးရုံ အုပ်ကြီး(သို့မဟုတ်)သက်ဆိုင်ရာ ဆရာဝန်ကရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ချုပ်မှု အဖွဲ့ထံသို့ ချိတ်ဆက်ပြီးမှသာ လက်ခံကုသပေးမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တစ်နေ့လျှင် ပြင်ပလူနာ ဦးရေ ၃၀၀ ကျော်ခန့် လာရောက်ပြသလျက်ရှိပြီး အတွင်းလူနာဦးရေ ၁၀၀ ကျော် တက်ရောက်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရ သည်။
စိမ်းခက်