Skip to main content

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများမှ နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက်အဦ များအား မီးရှို့ဖျက်ဆီး

 
 
နေပြည်တော်၊ ဧပြီ ၂၉
 
ဆူပူအကြမ်းဖက်သူများအနေဖြင့် မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများမှ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။
 
ထိုသို့လုပ်ဆောင်ရာတွင် ဧပြီလ ၂၈ ရက်နေ့ နံနက် ၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ထုံးဘို-ပြင်ဦးလွင်ကားလမ်းဘေးရှိ ဒေါင်းရွေးကျေးရွာနေ ဦးတင်တင့်၏ နေအိမ်အား အကြမ်းဖက်သူ အမျိုးသား ၄ ဦး မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးမှ လက်လုပ်ဗုံး၊ မီးပုလင်းများဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ ဦးလှတင့်နေအိမ်ခြံဝင်းအတွင်းရှိ စပါးကျီဘေးအဖီ အမိုးပေါ် ကျရောက်ခဲ့ပြီး မီးပုလင်း ၁ လုံးပေါက်ကွဲကာ စပါးကျီအမိုး အနည်းငယ် မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် အဆိုပါ အကြမ်းဖက်သူများမှာ ထုံးဘို- ပြင်ဦးလွင်ကားလမ်း မင်္ဂလာတံတားအနီး ရပ်တန့်ထားသော စဉ့်ကိုင်မြို့နယ်၊ ပင်ချားကျေးရွာနေ ဦးမျိုးဝေ (၆၅)နှစ် (ဘ) ဦးခင်ဦး ပိုင်ဆိုင်သော Loader ယာဉ်အား ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့သဖြင့် မီးလောင်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးလှတင့်၏ စပါးကျီအနီးမှ ပေါက်ကွဲထားသည့် မီးပုလင်း ၁ လုံး၊ ဓာတ်ဆီထည့်ထားသည့် ရေသန့်ဘူး ၂ ဘူးနှင့် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး ဦးမျိုးဝေပိုင် Loader ယာဉ်၏ ဘီး ၂ လုံးနှင့် ဟိုက်ဒရောလစ်ဂျွိုင်းဆက်ပိုက် ၁ ခု မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ကို တွေ့ရှိရသည်။
 
အလားတူ ယနေ့နံနက် ၅ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၄)ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအတွင်း၌ အဆိုပါရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဦးလှမျိုးအောင် (၄၃)နှစ် (ဘ) ဦးကျားကြီး ရှိနေစဉ် ဆူပူအကြမ်းဖက်သူများ ရုံးအတွင်း ရောက်ရှိလာပြီး ၎င်းအား ဝိုင်းဝန်းရိုက်နှက်၍ ရုံးအား မီးပုလင်းများ ပစ်ဖောက်ခွဲကာ မီးရှို့ခဲ့၍ မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးနှင့် ရုံးအတွင်းရှိ ပရိဘောဂများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး ဦးလှမျိုးအောင်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ရေး မြောက်ဥက္ကလာပမြို့နယ်ရှိ ဆေးခန်းသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
 
အထက်ပါဖြစ်စဉ်များမှ ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီအရေးယူ သွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်