Skip to main content

အကြမ်းဖက်သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့များက မကွေးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ နယ်မြေခံ တပ်များသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်

 
နေပြည်တော်၊ ဧပြီ - ၂၉
 
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ နယ်မြေခံတပ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ နယ်မြေခံတပ်များသို့ ယနေ့နံနက်အစောပိုင်းတွင် သောင်းကျန်းသူ (စိစစ်ဆဲ)အဖွဲ့က ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ သည်။
 
ဖြစ်စဉ်မှာ မကွေးမြို့ရှိ နယ်မြေခံတပ်အား ယနေ့နံနက် ၃ နာရီခန့်တွင် သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က မကွေးမြို့၏အရှေ့မြောက်ဘက် မီတာ ၅၀၀၀ ခန့် အကွာမှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၁ လုံး သည် နယ်မြေခံတပ် အနီးသို့လည်းကောင်း၊ ရှော့တိုက်ဒုံး ၃ လုံး သည် ယာခင်းများ အတွင်းသို့ လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့သည်။
 
အဆိုပါ ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ပိတ်ဆို့ရှင်းလင်းခဲ့ရာ သပြေစမ်း(တောင်)ရွာနှင့် စမ်းကန်ရွာအကြားရှိ ယာမြေကန်သင်းရိုးအနီး၌ ရှော့တိုက်ဒုံးပစ်ခတ်ရာတွင် အသုံးပြုသည့် သဲအိတ်များ၊ ဘတ္ထရီအိုး ၄ လုံး၊ ဝါးညှပ် ၄ ခု၊ PVC ပိုက် ၂ ချောင်း၊ ဝါယာကြိုးများနှင့် ဒရစ်ဗူး ၄ ဗူး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ နယ်မြေခံတပ်သို့လည်း ယနေ့နံနက် ၄ နာရီ ၄၈ မိနစ်ခန့်တွင် သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က မိတ္ထီလာမြို့ နယ်၊ ငါးစက္ကန့်ကျေးရွာနှင့် သံကြိုးရကျေးရွာသွား လှည်းလမ်း၏ ညာဘက်ခြမ်းနေရာမှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဓမ္မပါလကျေးရွာ၏ မြောက်ဘက် သဲကျင်းအနီးတွင် ၁ လုံး၊ ရေတွင်းဖြူကျေးရွာနှင့် ဓမ္မပါလကျေးရွာ အကြားရှိ ရေမြောင်းဘေးအနီးတွင် ၁ လုံး၊ ဓမ္မပါလကျေးရွာအနီး၌ ၁ လုံး၊ ရှမ်းတဲကျေးရွာ ၏ အနောက်မြောက်ဘက် မီတာ ၄၀၀ ခန့် အကွာရှိ သရက်ခြံအတွင်းတွင် ၁ လုံးနှင့် ဘောလုံးကွင်းအနီးတွင် ၁ လုံး စုစုပေါင်း ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်အဆောက်အဦများ ထိခိုက်ပျက် စီးမှုမရှိကြောင်း သိရှိရသည်။
 
အဆိုပါ ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ပိတ်ဆို့ရှင်းလင်းခဲ့ရာ လာရောက်ပစ်ခတ်ခဲ့သည့်နေရာမှ ရှော့တိုက်ဒုံး ပစ်ခတ်ရာတွင် အသုံးပြုသည့် သဲအိတ်များ၊ ဘတ္ထရီအိုးများ၊ ဝါယာကြိုးများနှင့် ပေါက်ကွဲမှုမရှိသေးသော ရှော့တိုက်ဒုံး ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရှော့တိုက်ဒုံးအား အများပြည်သူများ အန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်ခဲ့သည်။
 
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်