Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နှင့် ဒီပဲယင်းမြို့များရှိ ဆူပူအကြမ်းဖက်သူများက ၎င်းတို့၏ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများအပေါ် အခြေခံ၍ အေးချမ်းစွာနေထိုင်သော ပြည်သူလူထု နေအိမ်များအား အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့မှုကြောင့် အမျိုးသား ၂ ဦးသေဆုံးကာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

 
နေပြည်တော်၊ ဧပြီ ၂၉
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နှင့် ဒီပဲယင်းမြို့များရှိ ဆူပူအကြမ်းဖက်သူများက ၎င်းတို့၏နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများအပေါ် အခြေခံ၍ အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုနေအိမ်များအား အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးကာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ဧပြီလ ၂၈ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ဒီပဲယင်းမြို့နယ်၊ ဘုရားထွက်ကျေးရွာနေ ပြည့်ဖြိုးအောင် (၃၇)နှစ် (ဘ) ဦးထွန်းနှင့် သူငယ်ချင်းဖြစ်သူ အောင်ဖြိုး တို့ ၂ ဦးသည် ၎င်းတို့၏ လုပ်ငန်းခွင်မှ နေအိမ်သို့ပြန်လာစဉ် ဆပ်ပြာကျင်းကျေးရွာအနီးအရောက် အဆိုပါကျေးရွာမှ ဦးဆောင်သူ (စိစစ်ဆဲ) ဆူပူအကြမ်းဖက်သူ အင်အား ၂၀ ဦးခန့်သည် ပြည့်ဖြိုးအောင်တို့ ၂ ဦးအား “ဒလံ”ဟု ပြောဆိုကာ ဓား၊ ဂျင်ကလိများဖြင့် ဝိုင်းဝန်းထိုးခုတ်ပစ်ခတ်ခဲ့သဖြင့် ပြည့်ဖြိုးအောင်တွင် နဖူး၊ လည်ကုတ်နှင့် လက်ဖျံ တို့တွင် ပြတ်ရှ၊ ဂျင်ကလိစိုက်ဝင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင် ထားရှိခဲ့ပြီး ၎င်း၏သူငယ်ချင်းဖြစ်သူ အောင်ဖြိုးမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် လိုအပ်သောကူညီစောင့်ရှောက်မှုများပေးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုက်လံရှာဖွေလျက် ရှိကြောင်း သိရသည်။
 
အလားတူ ည ၇ နာရီ ၅ မိနစ်အချိန်တွင် ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာ၌ ၎င်းကျေးရွာနေ ထွန်းလွင်နှင့် ဇော်ဖုန်းနိုင်တို့ ၂ ဦး ဦးဆောင်သော ဆူပူအကြမ်းဖက်သူအင်အား ၈၀ ဦးခန့်သည် အဆိုပါကျေးရွာနေ ဦးသွပ်ကြီး (၆၀)နှစ် (ဘ) ဦးဖိုးပိန်၏ နေအိမ်ယက္ကန်းရုံအတွင်းသို့ တုတ်၊ ဓား၊ ဂျင်ကလိများ ကိုင်ဆောင်ရောက်ရှိ လာကာ ယက္ကန်းရုံအတွင်းရှိ လူများအား “ဒလံ”ဟု စွပ်စွဲပြောဆိုကာ ဝိုင်းဝန်းရိုက်နှက်ထိုးခုတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဦးသွပ်ကြီးနှင့် ၎င်း၏သားဖြစ်သူ မျိုးသန်း (၃၀)နှစ် တို့ ၂ ဦးတွင် ထိုးသွင်း၊ ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးချစ်ကို (၄၅)နှစ် (ဘ) ဦးပန်းဌေးပါ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့တွင် ထိုးသွင်း၊ ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့သဖြင့်ဆေးဝါးကုသမှုခံယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
 
အထက်ပါဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် ဦးဆောင်သူများနှင့် ပူးပေါင်းပါဝင် ပက်သက်သူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
သတင်းစဉ်