Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဝန်ကြီးဌာနမှ အရာထမ်းများနှင့် တွေ့ဆုံပွဲ

 
နေပြည်တော် ဧပြီ ၂၉
 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းသည် ယနေ့ နံနက် ၁၀ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) စုပေါင်းခန်းမ၌ လည်းကောင်း၊ နံနက် ၁၁ နာရီတွင် ရုံးအမှတ် (၅၂)၊ အစည်းအဝေး ခန်းမ၌လည်းကောင်း ဝန်ကြီးဌာနမှ အရာထမ်းများနှင့် တွေ့ဆုံ အမှာစကား ပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် ၅ နှစ်တာကာလအတွင်း အဆောက်အဦကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုများ ရှိလာသလို လုပ်ငန်းပိုင်းဆိုင်ရာတွင်လည်း များစွာတိုးတက်လာသည်ကို မြင်တွေ့ရသည့် အတွက် အားရကျေနပ်မိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာစေရန် ကုန်သွယ်မှုကဏ္ဍ သည် အရေး ကြီးသည်ဖြစ်ရာ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ချမှတ်ထားသည့် ဝန်ကြီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အချင်းပြည့် မီအောင် စဉ်ဆက် မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ နောင်လာမည့် မျိုးဆက်သစ် များကို ပခုံးပြောင်းတာဝန်ပေးအပ်နိုင်အောင်လည်း ကြိုးပမ်း ဆောင် ရွက်သွား မည်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် ခွင့်ပြုထားသည့်အတိုင်း အတာအတွင်းမှ အကောင်းဆုံး ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း။
 
ဝန်ထမ်းများ၏ မျှော်မှန်းချက်တစ်ခုဖြစ်သည့် ရာထူး အဆင့်တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ ဌာန၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်မှန်ကန်ကန်ဖြစ်အောင် ‌ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန်အတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း မှာကြားသည်။
 
ယင်းနောက် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်မှ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရာတွင် စွမ်းစွမ်းတမံ လိုက်ပါအကောင် အထည်ဖော်ဆောင်ရွက်နိုင် သည့် ဝန်ကြီးဌာနဖြစ်သည်နှင့်အညီ မိမိတို့အနေဖြင့် အစဉ်အလာ ကောင်းများကို ဆက်လက် ထိန်းသိမ်းထားရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန၏ မူလတာဝန် များအပြင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီကဲ့သို့ လိုအပ်ချက်အရ ထပ်မံ ဖွဲ့စည်းထားသည့် ကော်မတီများတွင်လည်း တာဝန်ယူဆောင်ရွက်နေရ သည်ဖြစ်ရာ ဆက်စပ် ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရ မည်ဖြစ်ပါ ကြောင်း၊ အခက်အခဲများစွာ ကြုံတွေ့နေရသော်လည်း တက်ညီလက်ညီ ဆောင်ရွက် နေကြသည့်အတွက် ကုန်သွယ်မှုများ လျင်မြန်စွာတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ဝန်ကြီးဌာနတွင်ရှိသော ဝန်ထမ်းများ အနေဖြင့် တာဝန်ပေးအပ်လာပါက ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစား လုပ်ဆောင် စေလိုပါကြောင်း မှာကြားသည်။
 
အခမ်းအနားများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
 
(သတင်းစဉ်)