နေပြည်တော် ဧပြီ ၂၈
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါက်တာခင်နိုင်ဦး၊ ဦးအောင်ကျော်သန်းနှင့် ဒေါက်တာ လင်းအောင်၊ ညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးအောင်အောင်၊ ဒေါ်တင်မိုးမိုး၊ ဦးဝင်းမြင့်၊ ဦးမျိုးမင်းနှင့် အရာထမ်းများနှင့် အမှု ထမ်းများ တက်ရောက်ကြသည်။
စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဌာန အသီးသီးမှ လုပ်ငန်း ဆောင်ရွက်မှုများကို အပြန်အလှန် သိရှိစေရန်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ကိုင် ဆောင်ရွက်မှုများကို နားလည်သိရှိရန် ဖြစ်ကြောင်း၊ သို့ပါ၍ စာတမ်းဖတ်ပွဲများကို စဉ်ဆက်မပြတ် လုပ်ကိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
အထောက်အကူပြုနိုင်မည်
သို့ပါ၍ ဒေသဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် အာဆီယံ၊ အေစီယူ၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့နှင့် နိုင်ငံတကာအဖွဲ့ အစည်းများဖြစ်သော အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ နှင့်ကမ္ဘာ့ဘဏ်တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို သိရှိခြင်းဖြင့် အသိပညာများ တိုးပွားလာပြီး မိမိအဖွဲ့အစည်း အတွက်သာမက နိုင်ငံတော်အတွက်ပါ အထောက် အကူပြုနိုင်မည် ဖြစ်ကြောင်း၊
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဌာန အသီးသီးမှ ဝန်ထမ်းများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့နှင့် သက်ဆိုင်သည့်ဘာသာရပ်ဆိုင်ရာ လုပ်ငန်းများကို ဖတ်ကြားဆွေးနွေး နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဘဏ်လုပ်ငန်း ကြီးကြပ် စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သီတာမင်းက “အာဆီယံဘဏ် လုပ်ငန်းပေါင်းစည်းရေး လုပ်ငန်းကော်မတီ (WC-ABIF) ၏ ဆောင်ရွက်ဆဲကိစ္စရပ်များနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ငွေကြေးလုပ်ငန်းအုပ်ချုပ်မှုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်လင်းအောင်က “ဆုံးရှုံးနိုင်ခြေ အခြေခံသော ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးခြင်း (Training on Risk Based Banking Supervision) သို့ တက်ရောက်ခဲ့သည့် အစီရင်ခံစာ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသည့် ဒုတိယဥက္ကဋ္ဌများ၊ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အရာထမ်းများမှ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်