Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နေပြည်တော်အတွင်းရှိ တက္ကသိုလ်များနှင့် အသက်မွေးသိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၈

နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အတွင်းရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ပျဉ်းမနားမြို့နယ် အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း (နေပြည်တော်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နန်းဆိုင်ဟွမ်းက လည်းကောင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မာမာဝင်းက လည်းကောင်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဒုတိယ (ပါမောက္ခချုပ် ဒေါက်တာ ရိုစီ နေဝင်းတို့က လည်းကောင်း၊ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေး သိပ္ပံကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းမာသန်းက လည်းကောင်း၊ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း (နေပြည်တော်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာ မင်းမင်းထွန်းက လည်းကောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးညိုချောက လည်းကောင်း၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် သင်ကြားရေး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်ရေးတို့နှင့် ကျောင်းများဖွင့်လှစ်နိုင်ရန် ကြိုတင်စီမံ ထားရှိမှုများကို သက်ဆိုင်ရာ တက္ကသိုလ်များနှင့် ကျောင်းများ အလိုက်ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနိုင်ရေးကို စီစဉ်ဆောင် ရွက်ရန်လိုကြောင်း၊ ကိုဗစ်- ၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို စာရင်း တိကျစွာ ကောက်ယူပြီး ကိုဗစ်၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအား ထူးချွန်ထက်မြက်ပြီး တတ်မြောက် ကျွမ်းကျင်သည့် ပညာရှင်များဖြစ်ရေးအတွက် ပြုစု ပျိုးထောင် သင်ကြားပေးစေလိုကြောင်း မှာကြားသည်။

ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းအသီးသီးရှိ စာသင်ဆောင်များ၊ ဓာတ်ခွဲခန်း၊ အိပ်ဆောင်များ၊ စာကြည့်တိုက်များနှင့် လက်တွေ့ သင်ကြားမည့် သင်တန်းခန်းမ များကိုလှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်