Skip to main content

ကိုဗစ်-၁၉ တတိယလှိုင်းကို သတိပြုကာကွယ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၂၇ ရက်နေ့ ည ၈ နာရီ သတင်း ထုတ်ပြန်ချက်အရ တစ်ရက်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၄၆ ခုအား စစ်ဆေး ပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၈ ဦးတွေ့ရှိခဲ့ပြီး ကိုဗစ် -၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူတစ်ဦးရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လကုန်မှ စတင်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဓာတ်ခွဲအတည် ပြုလူနာ တစ်သိန်းခွဲနီးပါးနှင့် သေဆုံးလူနာ သုံးထောင်ကျော်ရှိခဲ့သည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ တစ်ရက်တည်းတွင် ဓာတ်ခွဲအတည်ပြုလူနာ ၂၈၁ဦးနှင့်သေဆုံးလူနာ ခြောက်ဦးရှိခဲ့ပြီး နောက် ယခုဧပြီလ၂၇ ရက်နေ့ သုံးလတာကာလအတွင်း ရောဂါပိုး တွေ့သူ နှစ်ထောင်နီးပါးနှင့် သေဆုံးသူ ၇၀ ကျော်ရှိခဲ့ရာတွင် ရောဂါပိုးတွေ့သူ နေ့စဉ် ဆယ်ဂဏန်းခန့်နှင့် သေဆုံးသူ မရှိသလောက်ဖြစ်ခဲ့သည်။

ယခုအခါတွင် သေဆုံးသူ တစ်ဦးနှင့် ရောဂါပိုးတွေ့သူ အများဆုံးပြန်လည် တွေ့ရှိလာရာ ကိုဗစ်-၁၉ တတိယလှိုင်းအတွက် အထူးသတိပြုရမည့် အချက်ပေး ခေါင်းလောင်း ထိုးလိုက်ပြီ ဖြစ်သည်။ ယခုအခါ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ရောဂါဖြစ်ပွားမှု စံချိန်တင်များပြားနေ၍ မြန်မာနိုင်ငံတွင် လည်း ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း မဖြစ်ပွားလာစေရေးနှင့် မျိုးရိုးဗီဇပြောင်းလဲ နေသော ကိုဗစ်-၁၉ ရောဂါပိုးများ နိုင်ငံအတွင်းသို့ ဝင်ရောက်ကူးစက်ပြန့်ပွားခြင်း မရှိစေရန် အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆေးသုတေသနဦးစီးဌာနအနေဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော အတည်ပြု လူနာများထံမှ ရောဂါပိုးကို မျိုးရိုးဗီဇစစ်ဆေးရန် စီစဉ်လျက်ရှိသည်။ ဓာတ်ခွဲနမူနာ ပိုမိုစစ်ဆေးနိုင်ပါက လူနာအရေအတွက် ပိုမိုတွေ့ရှိမည်ဖြစ်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ကာ ကပ်ရောဂါ အသွင်ဖြစ်ပွားမှုကို ကြိုတင်တားဆီးနိုင်မည်ဖြစ်သည်။ မကြာသေးမီက ယခင် ရောဂါဖြစ်ပွားမှု များပြားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ရောဂါကူးစက်ဖြစ်ပွားမှု ဆက်လက်ဖြစ်ပွားနေသော တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆန်းစစ်လေ့လာမှုများ ပြုလုပ်ခဲ့သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှာ ပြန်လည် လည်ပတ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ပြန်လည်ခေါင်းထောင် လာပါက နိုင်နိုင်နင်းနင်း ကုသပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီနှင့်အတူ ပုဂ္ဂလိကဆေးရုံများပါ ပူးပေါင်းကာကွယ်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အတည်ပြု လူနာများ တွေ့ရှိရပါက ကျန်းမာရေးစင်တာ များသို့ လွှဲပြောင်းပေးမှု စနစ်များကို တရားဝင်ဖွဲ့စည်းထားသော ပရဟိတအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်သည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၏ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကို ဆန်းစစ်ပြီး အတည်ပြုလူနာများနှင့် ထိတွေ့မှုရာဇဝင်ရှိသူများအား ရှာဖွေ ဖော်ထုတ်ခြင်းကို စနစ်တကျအားဖြည့်ဆောင်ရွက်သွားမည် ဖြစ်သည်။ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီးသားဖြစ်ရာ ရောဂါကူးစက် ဖြစ်ပွားမှု အခြေအနေအပေါ်တွင် မူတည်ကာ အဆင့်လိုက်ဆောင်ရွက်နိုင်အောင် စီစဉ်လျက်ရှိသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေးကို အခက်အခဲကြားက ဆောင်ရွက်နေသည်။ အရေးကြီးသည့်အချက်မှာ ပြည်သူများ ကျန်းမာရေးအသိအမြင် တိုးပွားရေးနှင့် ရောဂါကာကွယ်ရေး စည်းကမ်းများကို လိုက်နာကြရန် အသိပညာပေး မြှင့်တင်ပေးရမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်ပြိုလဲကျစေရန် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေပြီး အဖျက်လုပ်ရပ်များကို လုပ်ကိုင်နေကြသော်လည်း နိုင်ငံနှင့် လူမျိုးအပေါ်သစ္စာရှိသော ကျန်းမာရေး ဝန်ထမ်းများနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်ပေးမှု များအပြင် ဇန်နဝါရီလ ၆ ရက်နေ့မှ ဧပြီလ၂၃ ရက်နေ့အတွင်း စေတနာရှင် အလှူရှင် များက ကျပ်သိန်းပေါင်းသုံးသောင်းနီးပါး လှူဒါန်းခဲ့ကြသည်ဖြစ်ရာ တိုင်းပြည် ပျက်စီးစေလိုသူများက မည်မျှပင်နှောင့်ယှက်ဟန့်တားကြသော်လည်း ပြည်သူများအား ဖြူစင်သော စေတနာထားရှိမှုများကြောင့် အခက်အခဲများကို ကျော်လွှားသွားနိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ တတိယလှိုင်းပင်မက ဖြစ်ပွားနေပြီ ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ပြည်သူများ၏ အသက်အန္တရာယ်ထိခိုက်အောင် မငဲ့ကွက်မစာနာ ပြုလုပ်မှုများ၊ အနှောင့်အယှက်အဟန့်အတား အခက်အခဲများ ရှိနေသည့်ကြားမှ ကိုဗစ်-၁၉ တတိယလှိုင်း မဖြစ်ပွားစေရေးအတွက် လက်တွဲညီညီ သတိပြုကာကွယ်သွားကြမည် ဖြစ်ပါကြောင်း။