နေပြည်တော် ဧပြီ ၂၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များကို ယနေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အောင်ဆန်းခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုဆောင်ရွက် ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်စေရေး၊ လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးသည် အရေးကြီးကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် တင်ပြလျှောက်ထားမှုများကို ဥပဒေပြဋ္ဌာန်းချက်ပါ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် စိစစ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ် ငန်းစဉ် ၅ ရပ်နှင့် ဉီးတည်ချက် ၉ ရပ်ကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှု မူဝါဒအမြန်ချမှတ် အကောင် အထည်ဖော်နိုင်အောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အချိန်တိုတိုအတွင်း ရလဒ်ကောင်းများရရှိမည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသား ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ လွယ်ကူချော မွေ့စွာဆောင်ရွက်နိုင်ရေး ဌာနများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ/ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌက မွန်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ခွင့်ပြုထားသော လုပ်ငန်းများ အနက်မှ ရပ်တန့်နေသော လုပ်ငန်းများ၊ လက်ရှိအခြေအနေမှ ပိုမို ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များနှင့် လက်ရှိဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်း ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဉီးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ၍ တင်ပြလာသည့် အခက်အခဲ များကို ဖြေရှင်းဆောင်ရွက်ပေးသည်။
(သတင်းစဉ်)