Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်တောစိုက်ခင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက် အမှတ် ၂၉ ၊ ၃၀ ရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်း ငွေဖြင့် စိုက်ပျိုး တည်ထောင်ခဲ့သော ၂၀၁၉ ခုနှစ်၊ ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀၀ နှင့် ၂၀၂၀ ပြည့်နှစ်၊ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀၀ တို့၏ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး၊ နေပြည်တော်ကောင်စီနယ်မြေက ဆောင်ရွက် ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သစ်တောများ ကာကွယ်ထိန်းသိမ်းခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သွားရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရာတွင်လည်း အမြင့် ၂ ပေခန့် ပျိုးပင်များဖြင့် စိုက်ပျိုး ဆောင် ရွက်ရန်နှင့် တစ်ပင်စိုက် တစ်ပင်ရှင်အောင် ကြိုးစားဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ရာသီဥတု ပြောင်းလဲမှု Climate Change နှင့်ပတ်သက်၍ သစ်တော သစ်ပင်များ၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးကြီးကြောင်း၊ တရားမဝင်သစ်ဖမ်းဆီးရေးကိစ္စများအား အထူးအလေးထား ဆောင်ရွက်ရန်နှင့် လုံခြုံရေး သတိအမြဲရှိရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် သစ်တောများ ပြုန်းတီးရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သော မြေအသုံးချမှု ပြောင်းလဲခြင်းကိုလည်း အထူးဂရုပြုစိစစ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း လုပ်ငန်းများကိုလည်း ဆက်လက်ကြိုးစား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း  မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-ကံပြားလမ်း၊ မြို့သစ် ကြိုးဝိုင်း အကွက်အမှတ် ၅ ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စိုက်ပျိုးတည်ထောင်ထားသော ၂/၂၀၁၈ အခြားစိုက်ခင်း ဧက ၂၀ နှင့် ၂၀၁၉ ခုနှစ်၊ သစ်မျိုးစုံစိုက်ခင်း၏ ဖြစ်ထွန်း အောင်မြင်မှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးရာ မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး က ရှင်းလင်းတင်ပြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ်၊ မကွေး-ရေနံချောင်း ကားလမ်း၊ မိုင်တိုင် ၃၅၃/၀ အနီး ဖန်ခါးစမ်းပျိုးဥယျာဉ်ရှိ ပျိုးပင် ၁ သိန်း ပျိုးထောင်ထားရှိမှုနှင့် အထူးစိမ်းလန်းစိုပြည်ရေးဇုန်စီမံကိန်း Greening Complex Zone တွင် စိုက်ပျိုးမည့် ပျိုးပင်ကြီးများ ပျိုးထောင်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရေနံချောင်းမြို့ရှောင်လမ်း မိုင်တိုင် ၆/၃ အနီး အထူးစိမ်းလန်း စိုပြည်ရေးဇုန်စီမံကိန်း Greening Complex Zone စီမံကိန်းဧရိယာအတွင်း ၂၀၂၀ ပြည့်နှစ်က ပျိုးပင်ကြီးများဖြင့်စိုက်ပျိုးခဲ့သော အပင်များ၏ ဖြစ်ထွန်းအောင်မြင်မှုကို ကြည့်ရှု စစ်ဆေးပြီး ၂၀၂၁ ခုနှစ်အတွက် မိုးကြိုရေလောင်းစိုက်ပျိုးမည့် အပင်များအတွက် ကြိုတင်အဖွင့် စိုက်ပျိုးပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောက်မြို့နယ်၊ ကျောက်တန်းအုပ်စု၊ ကန်သာကျေးရွာရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ တည်ထောင် ပေးထားသော ဂါလန် ၅၀၀၀ ဆန့် မိုးရေစုကန်၏ ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသားများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောက်မြို့နယ်၊ ရွှေပုံတောင်အနီး ၂၀၂၀ ပြည့် နှစ်က မိုးကြိုရေလောင်းစိုက်ပျိုးခဲ့သည် အထူးစိမ်းအပင်ကြီး ၂၄၃ ပင်၏ ဖြစ်ထွန်း အောင်မြင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ်ရှိ သစ်တောဦးစီးဌာနနှင့် Japan International Forestry Promotion and Cooperation Center - JIFPRO တို့ ပူးပေါင်းဆောင်ရွက်ထားသည့် လက်ထုတ်နှင့်ခက်လန်းကန် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းစီမံကိန်း ဧက ၂၄၀ ၏ ဖြစ်ထွန်းအောင်မြင်မှု ကို ကြည့်ရှု စစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူလူထု၏ စိတ်ဝင်စား မှုပိုမိုရရှိ အောင် ဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုပိုမိုရရှိစေရေးအတွက် ရရှိလာမည့်အကျိုး ကျေးဇူး များကို ဒေသခံပြည်သူလူထုကို သိရှိနားလည်အောင် ရှင်းလင်းဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဉီးမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းက တည်ထောင်ထားသော ပလင်းကမ်းသာယာဆင်စခန်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှ တိုင်းတာဝန်ခံများက မိမိတို့တိုင်းဒေကကြီး အလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဉီးမြို့နယ်၊ သစ်တောဉီးစီးဌာနက တည်ထောင်ထားသော နဘူးတောအမြဲတမ်းပျိုးဥယျာဉ်ရှိ လူထုဖြန့်ပျိုးပင် ၆၅၀၀၀ ပျိုးထောင် ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)