နေပြည်တော် ဧပြီ ၂၈
ဒေသဝမ်းစာဖူလုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ က မူဝါဒများချမှတ်ပေးထားရာ တိုချဲ့မြို့ပြ စီမံကိန်းများ နှင့် စီးပွားရေး အထူးဇုန်များကို စိုက်ပျိုးမြေများတွင် ဆောင်ရွက်ခြင်းမရှိအောင် ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ရန် အချက်များ လည်း အပါအဝင်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
ယနေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများပေါ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးအပါအဝင် လုပ်ငန်းအသီးသီး ဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့် အသုံးပြုခွင့်များကို မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိအသုံးချနိုင်ရေး အတွက် အမြန်ဆုံးစီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့် အသုံးပြုခွင့်လျှောက်ထားမှုများတွင် မြေများအပေါ် လက်ဦးရယူခြင်းနှင့် ရောင်းကုန် ဈေးကွက်သဖွယ် ဆောင်ရွက်ခြင်းများ မဖြစ်စေရေးအတွက် သက်ဆိုင်ရာ ကော်မတီ အဆင့်ဆင့်က အထူး ဂရုပြုစိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
အစည်းအဝေး သို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ ရင်းနှီး မြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ကြပြီး၊ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစာတွဲများကို တင်ပြရာ အစည်းအဝေး တက်ရောက် လာကြသူများက လုပ်ငန်းအကြောင်းအရာ တစ်ခုချင်းအလိုက် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ပထမအကြိမ် ကျင်းပသည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးတွင် တိုင်းဒေသကြီး ပြည်နယ် စီမံခန့်ခွဲရေးကော်မတီအချို့က မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေး ဥပဒေ ပုဒ်မ ၃-က နှင့်အညီ တင်ပြလာသည့် တိုင်းဒေသကြီး ပြည်နယ် စီမံခန့်ခွဲရေး ကော်မတီတွင် ထည့်သွင်းဖွဲ့စည်းရမည့် ဒေသခံလူမျိုးစုကိုယ်စားလှယ်များ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ ၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ သင့်လျော်သည့် ပညာရှင်များ၏ စာရင်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ယခင်အစိုးရကာလ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သဘောထား မှတ်ချက် ပြန်ကြားလာသည့် အမှုတွဲများကိုစိစစ်ခြင်း၊ လက်ရှိ ကာလတွင် သက်ဆိုင် ရာဝန်ကြီးဌာနများ သို့ သဘောထားမှတ်ချက် တောင်းခံထားသည့် အမှုတွဲများကို စိစစ်ခြင်း ၊ ဗဟိုကော်မတီသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၈-က(ခ) အရ အယူခံ ဝင်ရောက်လာသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အနေဖြင့် ယခင်ကာလများက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို လုပ်ကိုင်အသုံးပြုရန် အကြောင်းအမျိုးမျိုးဖြင့် ရယူထားပြီး အကောင်အထည်ဖော်ရန် ခွင့်ပြုသတ်မှတ်ကာလ ကျော်လွန်နေသည့် ဧရိယာများကိုလည်း အထူး အဖွဲ့များ ဖွဲ့စည်း၍ ဥပဒေ နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပြန်လည်သိမ်းဆည်းသွားမည် ဖြစ်ကြောင်း၊ အလားတူ သတ်မှတ်မြေခွန်တော် ကင်းလွတ်ခွင့် ကာလ ကုန်ဆုံးခဲ့ပြီး နှစ်စဉ် ပုံမှန် မြေခွန်တော် ပေးဆောင်ရန် အချိန်စေ့ရောက်သော်လည်း ပျက်ကွက်နေမှုများအပေါ် မြေခွန်တော် ကြွေးကျန် မရှိစေရေးအတွက် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)