Skip to main content

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၇

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက အိမ်နီးချင်း အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ရောဂါဖြစ်ပွားမှု စံချိန်တင် များပြားနေ၍ မိမိတို့နိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါ နောက်ထပ်လှိုင်းတစ်လှိုင်း ဖြစ်ပွားမလာစေ ရေးနှင့် မျိုးရိုးဗီဇပြောင်းလဲနေသော ကိုဗစ်-၁၉ ရောဂါပိုးများ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်၍ ကူးစက် ပြန့်ပွားခြင်းမရှိစေရန် မိမိတို့အနေဖြင့် အထူးဂရုပြု ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားမှု များပြားရာနိုင်ငံများမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများတွင် ရောဂါပိုးတွေ့ရှိမှု အချက်အလက်များကိုဆန်းစစ်၍ လိုအပ်သည့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ဆေးသုတေသနဦးစီးဌာနမှ ပြည်ပနိုင်ငံများမှပြန်လာသော အတည်ပြုလူနာများထံမှ ရောဂါပိုးကို မျိုးရိုးဗီဇစစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း၊ ဓာတ်ခွဲနမူနာပိုမိုစစ်‌ဆေးနိုင်ပါက လူနာအရေအတွက် ပိုမိုတွေ့ရှိနိုင်မည်ဖြစ်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ကာ ကပ်ရောဂါ အသွင် ဖြစ်ပွားမှုကို ကြိုတင်တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း‌‌ ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ နှင့် ပတ်သက်၍ ပြီးခဲ့သောအစည်း အဝေး၌ ဆွေးနွေးခဲ့ကာ  ယနေ့အစည်းအဝေးတွင် ယခင်ဖြစ်ပွားမှု များပြားခဲ့သော ရန်ကုန်တိုင်း ဒေသကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ရောဂါကူးစက်မှု ဆက်လက် ဖြစ်ပွားမှုရှိနေသော တနင်္သာရီတိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးတွင် ဆေးရုံကြီးများ ပြန်လည် လည်ပတ်နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါလူနာများကို နိုင်နိုင်နင်းနင်းကုသပေးနိုင်ရန် ကောင်းစွာကြိုတင်ပြင်ဆင်ထားရ မည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအပြင် ဆေးရုံ လုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်နိုင်ရန် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ကို တာဝန်ပေးအပ်၍ ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီ၊ ပုဂ္ဂလိကဆေးရုံများနှင့် တွေ့ဆုံ၍ ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးထားပြီးဖြစ်သည်ကို သိရှိရပါကြောင်း၊ သက်ဆိုင်ရာ Clinical Management Committee နှင့် Hospital Management Committee များအပါအဝင် ဆေးရုံများရှိ ကော်မတီများကိုလည်း စနစ်တကျပြန်လည်ဖွဲ့စည်းကြရမည် ဖြစ်ပါ ကြောင်း၊  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးခြင်း၊ ကုသပေးခြင်းအတွက် ပုဂ္ဂလိကဆေးရုံဆေးခန်းများ အား လုပ်ငန်း လမ်းညွှန်များနှင့်အညီ ဆောင်ရွက်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းလမ်းညွှန်များကိုလည်း လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ဖြည့်စွက်ပြင်ဆင်ရမည်ဖြစ်ပြီး တိတိကျကျ လိုက်နာဆောင်ရွက်စေရန် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ အတည်ပြုလူနာများ သက်ဆိုင်ရာ ဆေးရုံ၊ ကျန်းမာရေးစင်တာများသို့ လွှဲပြောင်းပေးမှု စနစ်များကို တရားဝင်ခွင့်ပြုထားသော ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၏ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေကို ဆန်းစစ်ပြီး အတည်ပြုလူနာနှင့်ထိတွေ့မှုရာဇဝင်ရှိသူများ ရှာဖွေဖော်ထုတ်ခြင်းကို စနစ်တကျအားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး မိမိတို့တွင် အတွေ့အကြုံရှိပြီးသားဖြစ်၍ ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေပေါ် မူတည်၍ အဆင့်လိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်အပြည့်အဝရရှိနိုင်ရေး စနစ်တကျ ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ နှင့်ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်‌ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအနေဖြင့် သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးကောင်စီများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက် နေကြရန် လိုအပ်ကြောင်း လိုအပ်သည်များကိုလည်း အချိန်နှင့်တပြေးညီတင်ပြသွားရန် လိုအပ် ကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လက်ရှိ မိမိတို့ဝန်ထမ်းများအားလုံးသည် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တစ်ပြိုင်နက်တည်း ကြိုးစားဆောင်ရွက်နေရသည် ကို အသိအမှတ်ပြု၊ ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ယင်းနောက် ကုသရေးဦးစီးဌာနနှင့်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနများရှိ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ကာကွယ်ဆေး ထိုးနှံနေမှုအခြေအနေများ၊ လိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့ကြသည်။

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးဒေါက်တာထွန်းမင်း၊  ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကြည်လွင်၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်သစ္စာလွင် တို့နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)