Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်-တာချီလိတ်လမ်း (မိုင်းဆတ် ခရိုင်အပိုင်း) ကွန်ကရစ်ခင်းခြင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှူး ဗိုလ်မှူးကြီး သော်ဇင်ဦးနှင့်အတူ ဧပြီ (၂၆)ရက် နံနက်ပိုင်းတွင် မိုင်းဆတ် မြို့တွင်း လမ်းများ အခြေအနေကိုလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) လမ်းဦးစီးဌာန၊ မိုင်းဆတ်ခရိုင်မှ တာဝန်ယူ ဆောင်ရွက်နေသော မိုင်းဆတ် - တာချီလိတ်လမ်းအပိုင်း လက်ရှိ လမ်းအခြေအနေနှင့် ကွန်ကရစ် လမ်းခင်းပြီး အပိုင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

စစ်ဆေးတွေ့ရှိမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိုင်းဆတ် - တာချီလိတ် လမ်းသည် နယ်စပ်မြို့ တို့ကို ဆက်သွယ်သည့် အရေးပါသော လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ကုန်စည်စီးဆင်းမှု သွက်လက် မြန်ဆန်စေရန် လမ်း၊ တံတားများ ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ အတက်/အဆင်း၊ အကွေ့/အကောက်များသည့် တောင်ပေါ်လမ်းဖြစ်၍ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် လမ်းကွေ့များချဲ့ပေးရန်၊ လမ်းညွှန်သတိပေးဆိုင်းဘုတ်များ သတ်မှတ်ချက်နှင့်အညီ စိုက်ထူရန်နှင့် လမ်းပေါ်သို့ ရေစီးဆင်းမှုမရှိစေရေး လမ်းဘေးရေနုတ် မြောင်းများ စနစ်တကျ ဆောင်ရွက်ထားရှိရန် တို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် (၉)နာရီခွဲတွင်  တာချီလိတ်မြို့သို့ ရောက်ရှိပြီး တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတူ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂) ကြံ့ခိုင်မှုအခြေအနေ၊ နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည် စီးဆင်းမှုနှင့် ပို့ဆောင်ရေး လွယ်ကူအဆင်ပြေစေရန် မြန်မာဘက်ခြမ်း တံတားပေါ်မှ ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့ရှောင်လမ်း ယာယီ ရှင်းလင်းဆောင် သို့ရောက်ရှိရာ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၂)မှ ဒုတိယညွှန်ကြား ရေးမှူး(မြို့ပြ) ဦးသန့်ဇင်က မြို့ရှောင်လမ်းပေါ်ရှိ တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုနှင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊  ရှမ်းပြည်နယ် (အရှေ့ပိုင်း)  လမ်းဦးစီးဌာန၊  ညွှန်ကြားရေးမှူး(မြို့ပြ)  ဦးရဲလင်းက တာချီလိတ်မြို့ရှောင်လမ်း အရှည် (6.4)Km ၊ လမ်းအကျယ် (7)m အား ဘဏ္ဍာရေးနှစ်အလိုက် မြေသားလမ်း၊ အမာခံလမ်း၊ ဒုအခြေခံလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို အပိုင်း လိုက် ဆောင်ရွက်ထားရှိမှုနှင့်  လုပ်ငန်း ဆောင်ရွက်ရာတွင်   တွေ့ကြုံရသည့်   မြေယာကိစ္စ   ညှိနှိုင်းဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က မြေယာလျော်ကြေးငွေ ပေးအပ်ပြီးစီးမှု၊ ဆောင်ရွက်ရန် ကျန်အခြေအနေ၊ မြေပိုင်ရှင်များနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တာချီလိတ်မြို့ရှောင်လမ်းပေါ်ရှိ တံတား တည်ဆောက်ရေးလုပ်ငန်းအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်သော တံတားအပိုင်းကို အချိန်မီ ပြီးစီးရေးနှင့် အရည်အသွေးပြည့်မီအောင် အလေးထားဆောင်ရွက်ရန်လိုပါ ကြောင်း၊ လမ်းအပိုင်း အနေဖြင့် သတ်မှတ်လမ်းအင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန်နှင့် ကျန်ရှိ သည့်လုပ်ငန်းများ၊ မြေယာ လျော်ကြေးကိစ္စရပ်များ ရှင်းလင်းနိုင်ရေးအတွက် ရှမ်းပြည်နယ် စီမံအု်ပချုပ်ရေးကောင်စီသို့ တင်ပြ ဆောင်ရွက်ရန်နှင့် မိမိအဖွဲ့များမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားပြီး တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မြို့ရှောင်လမ်းအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)