Skip to main content

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၇

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ဥပဒေစိစစ်အကြံပြုရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးအစည်းအဝေး အမှတ်စဉ် ၁/၂၀၂၁ တွင်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ “ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဥပဒေများရေးဆွဲပြီး ပြဋ္ဌာန်းခြင်းမပြုနိုင်သေးသည့် ဥပဒေများများစွာ ရှိသည်ဟုသိရှိရကြောင်း၊ တက္ကသိုလ်များရှိ ဥပဒေ ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများကို ထုတ်နုတ်ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပူးပေါင်း၍ ဥပဒေများ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန်” ဟု လမ်းညွှန်ချက် အရ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မတ် ၉ ရက်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ အစည်း အဝေးခန်းမ၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပြီး လတ်တလော ပြဋ္ဌာန်းသင့်သည့် ဥပဒေကြမ်းများ စာရင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံးသို့ တင်ပြခဲ့ကြောင်း။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)မှာ နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များနှင့် ဆန့်ကျင်မှု မရှိသည့်ပြင်  လတ်တလောပြဋ္ဌာန်းရန် လိုအပ်သည့် ဥပဒေဖြစ်ကြောင်း စိစစ်တွေ့ရှိရ သည့်အပြင် အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဗုဒ္ဓဓမ္မ ဒီပလိုမာ သင်တန်းနှင့် ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းများကို ဇွန် ၁ ရက်မှစ၍ ပြန်လည် ဖွင့်လှစ်ခွင့် ပြုပါရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မတ် ၁၀ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက “ခွင့်ပြုကြောင်း” နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက မတ် ၂၅ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ကြောင်း သက်ဆိုင်ရာဌာနက တင်ပြ ခဲ့သည့်အတွက် ယခုကဲ့သို့ ညှိနှိုင်းဆွေးနွေးရခြင်းဖြစ်ကြောင်း၊ လတ်တလော ပြဋ္ဌာန်းရန်သင့်သည့် အခြားဥပဒေများနှင့် စပ်လျဉ်း၍လည်း ယခုကဲ့သို့ အစည်းအဝေးများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူ များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

(သတင်းစဉ်)