Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

နေပြည်တော် ဧပြီ ၂၇

ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံး သူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မူပိုင်ခွင့် ဥပဒေဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်ရမည့် ကိစ္စရပ်များပြည်တွင်း ကုန်စည်စီးဆင်းမှု အခြေအနေများနှင့် ပတ်သက် အပတ်စဉ် ကျင်းပသည့် ဝန်ကြီးဌာနတွင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားသည်။

ရှေးဦးစွာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာန အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာနမှ စီမံခန့်ခွဲလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဦးစီးဌာနများမှ တင်ပြချက်များနှင့် စပ်လျဉ်း၍ ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို Time Frame ထားရှိ ဆောင်ရွက် ကြရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးစီး ဌာနများရှိ လက်အောက်ဝန်ထမ်းများကိုလည်း မိမိဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့်ကိစ္စ ရပ်များကို သိရှိနိုင်စေရေး အသိပေးရန်တို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)