Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၉/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ  ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၉/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊  ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  မိမိအနေဖြင့် အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့၌ ယခုလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးသို့တက်ရောက်၍ အာဆီယံအဖွဲ့ကဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုအခြေအနေများကို တက်ရောက်ဆွေးနွေးခဲ့ကြောင်း။

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ဖေဖေါ်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲပြောင်းထမ်းဆောင်ခဲ့မှုအခြေအနေများ၊ ဆန္ဒပြမှုများအဆင့်ဆင့်ဖြစ်ပွား လာမှုအခြေအနေ များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုနှင့် ရှေ့လုပ်ငန်းစဉ် များ၊ ရည်မှန်းချက်တာဝန်များ၊ တပ်မတော်ကပေးထားသည့် ကတိကဝတ်များအတိုင်း ဒီမိုကရေစီကျင့်စဉ်နှင့် အညီဆောင်ရွက်ခဲ့မှုများ၊ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် တပ်မတော် ကဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ဆောင်ရွက်ပေးခဲ့မှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အာဏာရပါတီက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှု၊ မဲစာရင်းစစ်ဆေးတွေ့ရှိချက်များတွင် မဖြစ်နိုင်သည့် မဲစာရင်းများပါဝင်နေမှု၊ မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေရာတွင် ဥပဒေလုပ်ထုံးလုပ်နည်း များကို ကျော်လွန် ဆောင်ရွက်ထားရှိမှု၊ မှတ်ပုံတင်မရှိဘဲဆန္ဒမဲပေးခဲ့မှုများ၊ လတ်တလော ဖြစ်ပွားနေသည့် ဆူပူအကြမ်းဖက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက် ကျဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ၊ ပြည်သူများထိခိုက် သေဆုံးမှုများအား ဥပဒေနှင့်အညီဖြေရှင်း ဆောင်ရွက် လျက်ရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း။

နိုင်ငံရေးတွင် ခေါင်းဆောင်မှု၊ ဦးဆောင်မှုပြုသူသည်အရေးကြီးကြောင်း၊ သို့သော် နည်းလမ်းဥပဒေနှင့်အညီသာ ခေါင်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်မညီသည့် ခေါင်းဆောင်မှုများဖြင့် ဒီမိုကရေစီကို လက်ခံ၍မရကြောင်း၊ ရွေးကောက်ပွဲတရားမျှတမှု မရှိခြင်းနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးစားမှုအပေါ်သမ္မတ၊ အစိုးရ တာဝန်ရှိသူများနှင့် လွှတ်တော်တို့ကဥပဒေနှင့် ညီညွတ်မှုမရှိဘဲ ငြင်းပယ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေနှင့် အညီသာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲပြန်လည် ကျင်းပမည့်အခြေအနေများ၊ ဆူပူအကြမ်းဖက်သူများအသုံးပြုသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှု အခြေအနေများ၊ မြို့နယ်အချို့တွင် စစ်အုပ်ချုပ် ရေးအမိန့် (Martial Law) ထုတ်ပြန်ခဲ့မှုအခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများ CDM ပြုလုပ်မှုကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထိခိုက်နစ်နာခဲ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း။

အလားတူ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်နေမှု အခြေအနေများ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တွင် ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်သဖြင့် ငြိမ်းချမ်းရေး ရရှိရေး မဖြစ်မနေဆောင်ရွက်သွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် အတွက် မှတ်ပုံတင်မရှိသေးသူ ၄ ဒသမ ၆ သန်းအား မှတ်ပုံတင် ရရှိအောင်ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း တစ်ဖက်နိုင်ငံသို့  ထွက်ခွာသွားသူများအား သတ်မှတ်ထားသည့်စည်းကမ်းနှင့်အညီသာ လက်ခံဆောင်ရွက် သွားမည့်အခြေအနေများကို လည်းရှင်းလင်းပြောကြားခဲ့ကြောင်း။

မြန်မာ့နိုင်ငံရေးစပ်လျဉ်း၍ အာဆီယံနိုင်ငံခေါင်းဆောင်အသီးသီး၏ အကြံပြုချက် ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးရာတွင် မိမိတို့နိုင်ငံအပေါ် ပေးအပ် ခဲ့သည့် အကြံပြုချက်များတွင် အပြုသဘောဆန်ပြီး ကောင်းမွန်သည့်အချက်များပါရှိသော ကြောင့် ယင်းအချက်များကို ပြည်တွင်း၌ လတ်တလောဖြစ်ပျက်နေသည့် အခြေအနေများ နှင့်ဆက်စပ်၍ အလေးပေးထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့ အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရှိရေးကို ဦးစားပေး ဆောင်ရွက်နေသောကြောင့် ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီးမှသာ အာဆီယံမှအဆိုပြုသည့် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် ခရီးစဉ်များကိုစဉ်းစားသွားမည်ဖြစ်ကြောင်း၊ မိမိတို့ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည် ဖော်ရာတွင် အာဆီယံမှ အပြုသဘောပါဝင်ကူညီ ပံ့ပိုး ပေးလိုမှုများနှင့် စပ်လျဉ်း၍လည်း “ASEAN Charter” “ASEAN Way” “ASEAN Sprit” များအပေါ် အခြေခံမည်ဆိုပါက နိုင်ငံကောင်းကျိုးအတွက် စဉ်းစားပေးမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြောင်း။

တက္ကသိုလ်များတွင် ဥပဒေပညာနှင့် စီးပွားရေးပညာ သင်တန်းများ ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာတွင် ဥပဒေ ပညာရပ်သည်အရေးကြီးသဖြင့် နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေအခြေခံကို သိရှိနားလည် ထားရန်လိုကြောင်း၊ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်း နိုင်မည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်း၊ ကျေးလက်နှင့်မြို့ပြ ဆင်းရဲချမ်းသာ ကွာခြားမှုများကို လျှော့ချရန်လိုကြောင်း၊ ပညာတတ်များပေါများစေရေး ပညာသင်ကြား နိုင်ရန်အတွက် ငြိမ်းချမ်းရေးရရှိရန်လိုကြောင်း၊ စာသင်ကျောင်းများ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်ရန်နှင့် တည်ဆောက်ဆဲ ဆောက်လုပ်ရေးစီမံကိန်းလုပ်ငန်းများ ပြန်လည် လည်ပတ်ရန်လိုကြောင်း၊ သို့မှသာ ပြည်သူများအလုပ်အကိုင်ပြန်လည်ရရှိပြီး ပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေ လာမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကောင်စီဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ စောဒန်နီယယ်၊ ဦးရွှေကြိမ်းနှင့် ဒေါက်တာဗညားအောင်မိုးတို့က တရားမဝင်ဖွဲ့စည်းထားသည့် CRPH ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျော်လွန်၍ ဆောင်ရွက်ခဲ့သည့် ဥပဒေများကို ပြန်လည်ဆန်းစစ် သုတေသနပြုလုပ်သွားရေး၊ အထူးတရားရုံးများ ဖွဲ့စည်းရေးကိစ္စရပ်အပေါ် ပြန်လည်သုံးသပ်သွားရေး၊ တိုင်းပြည်အပေါ် သစ္စာရှိသည့် နိုင်ငံ့ဝန်ထမ်းများကို ချီးမြှင့်ရေးနှင့် ဥပဒေဖောက်ဖျက်သူများကို အရေးယူသွားရေး၊ ယခင်အစိုးရလက်ထက် နိုင်ငံခြားသား ပညာရှင်များ ခန့်အပ်ဆောင်ရွက်ခဲ့မှုနှင့် တိုင်းပြည်ထိခိုက် နစ်နာခဲ့မှုများအပေါ် ပြန်လည် သုံးသပ် စိစစ်ဖော်ထုတ်သွားရေး၊ ပုဂ္ဂလိကဘဏ်များ နှင့်ပတ်သက်၍ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးရေး၊ ဆူပူဆန္ဒပြရန် လှုံ့ဆော်မှုတွင် ပါဝင်သည့် အနုပညာရှင်များကို ထိရောက်စွာအရေးယူရေး၊ အကြမ်းဖက်မှု တွင် ပါဝင်ပတ်သက်သူများနှင့် တာဝန်ရှိသူများကို ထိရောက်စွာ ဖမ်းဆီးအရေးယူရေး၊ နိုင်ငံခြားဝင်ငွေရရှိရေးအတွက် မြစ်သဲထုတ်ယူရေး၊ ရေပြင်ကျယ်ဧရိယာများတွင် ဆိုလာ စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူရေး၊ Cyber Law တွင် လိုအပ်သည့်ပြဋ္ဌာန်းချက်အချို့ ထပ်မံထည့်သွင်းရေး၊ ပုဂ္ဂလိကတည်ဆောက်ရေး လုပ်ငန်းအချို့၌ CDM ပြုလုပ်ရန် ဦးတည် နေမှုကို စိစစ်ဖော်ထုတ်ရေး၊ CDM လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်မှုရှိနေသည့် ဝန်ကြီးဌာန အချို့မှ တာဝန်ရှိသူများကို စိစစ်ဆောင်ရွက်သွားရေး၊ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများ ကို နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးရာတွင် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးရေး၊ နယ်စပ်ဒေသများတွင် တရားမဝင်လက်နက်ပစ္စည်းများ သယ်ဆောင်နေမှုကို စိစစ်ဖော်ထုတ် သွားရေး၊ ပြည်သူများအချိန်နှင့်တပြေးညီ သတင်းအမှန်များ သိရှိစေရန် ဖွဲ့စည်းဆောင်ရွက် ပေးရေး၊ တည်ငြိမ်အေးချမ်းမှုရရှိနေပြီ ဖြစ်သည့်အတွက် တိုင်းပြည်၏ စီးပွားရေး အခွင့် အလမ်းများ ဖန်တီးပေးရေး၊ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ် တို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရေး၊ ပလောင်ဒေသရှိ ကျေးရွာများတွင် အစားထိုးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေရရှိရေး၊   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စု ဖော်ဆောင်ရာတွင် တစ်ပါတီအာဏာရှင်စနစ် မပေါ်ပေါက်စေရေး နှင့် ပြည်ထောင်စုပုံစံဖြစ်စေရေး၊ လွှတ်တော်များတွင်ပါတီစုံမှ ကိုယ်စားလှယ်များ ပါဝင်နိုင်ရေး အတွက် ရွေးကောက်ပွဲစနစ် ပြုပြင် ပြောင်းလဲရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွဲ့ အစည်းတစ်ခုကို ဥပဒေကြောင်းအရ အရေးယူရမည်ဆိုပါက အကြောင်းအရာ၊ အချက် အလက် တိကျခိုင်မာရန်လိုကြောင်း၊ တရားစီရင်ရေးတွင် အထူးတရားရုံး ကိစ္စရပ် များကို ပြန်လည် စိစစ်ပေးသွားမည်ဖြစ်ကြောင်း၊ CDM တွင် မပါဝင်သည့် ဝန်ထမ်းများနှင့် နိုင်ငံတော် အပေါ် သစ္စာရှိသည့်ဝန်ထမ်းများအား ချီးမြှောက်ခြင်းသည့် ကောင်းမွန်သည့်ကိစ္စဖြစ် ကြောင်း၊ ထို့ပြင်အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများ၏ စိတ်နေ သဘောထားများကို ပြုပြင်ပေးရန်လိုကြောင်း၊ ရေရှည်အတွက် မျှော်မှန်းပြီး ၎င်းတို့ကို နိုင်ငံ့ဝန်ထမ်း၊ အစိုးရဝန်ထမ်းတို့တွင် ရှိသင့်သည့် စိတ်ဓာတ်များရှိလာအောင် ပြုပြင်ပေးရန် လိုကြောင်း။

ဘဏ်များပုံမှန်လည်ပတ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနု ပညာရှင် များနှင့်ပတ်သက်၍လည်း ရေရှည်အတွက်ကြည့်ပြီး ချိန်ဆကာ ထိန်းထိန်းသိမ်း သိမ်း လုပ်ဆောင်နေကြောင်း၊ အချို့မှာ အကြိမ်ကြိမ် သတိပေးနေသော်လည်း ဆက်လက် လုပ်ဆောင်နေသည့်အတွက် ထိထိရောက်ရောက် အရေးယူသွားရမည်ဖြစ်ကြောင်း၊ သတင်း များ အချိန်နှင့်တပြေးညီ ပြည်သူများ သိရှိနိုင်အောင် ကြားဖြတ်သတင်းစာရှင်းလင်းပွဲများ ကျင်းပနိုင်ရန် ဆောင်ရွက်နေကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာ တွင် ရေရှည်အတွက် စဉ်းစားပြီး ဆောင်ရွက်ကြရန်လိုကြောင်း၊ အင်းတော်ကြီးကန် အပါအဝင် အခြားရေပြင်ကျယ်သည့် ကန်များတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာ၌ ဆက်စပ်မှုရှိသည့် ခရီးသွားလုပ်ငန်းနှင့် သဘာဝအရင်းအမြစ်များ မထိခိုက် အောင် စဉ်းစားဆောင်သွား ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးရာတွင် နိုင်ငံသားဥပဒေနှင့်အညီ သေချာစိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြုလုပ်ပေးရန် ကျန်ရှိသူရှိသူများအား စနစ် တကျ လုပ်ဆောင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး အတွက် ဆောင်ရွက်ရာတွင် မိမိအနေဖြင့် ဥပဒေပြုရေး အာဏာရှိသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်၍မရကြောင်း၊  ရွေးကောက်ပွဲစနစ်ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပါတီများတွေ့ဆုံညှိနှိုင်းဆွေးနွေးရန် တာဝန်ပေးအပ်ထားကြောင်း။

မိမိတို့အနေဖြင့် တိုင်းပြည်၏ စီးပွားရေးကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ ထို့ပြင် ပြည်သူများ၏ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် စီးပွားရေးကောင်းမွန်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ စီးပွားရေးကောင်းမွန်ရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ၍ ဆောင်ရွက်ရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းများ အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး လေ့လာဆန်းစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 ဒို့တာဝန်အရေး ၃ ပါးသည် အမျိုးသားရေးတာဝန်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ ယင်းသို့ တည်ဆောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးမှုအချိုး ညီမျှစေရန် လိုကြောင်း၊ နောင်တက်လာမည့် အစိုးရသည်လည်း ယင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရမည်ဖြစ်ကြောင်း။ တိုင်းရင်းသားများ စာတတ်မြောက်စေရန်နှင့် အသိပညာ မြင့်မားစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏အကျိုးကို ဖော်ဆောင်ပေးရန်နှင့် ၎င်းတို့၏ ဘဝများ တိုးတက်လာအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ယုံကြည်မှု ရှိလာမည်ဖြစ်ကြောင်း၊  ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်ရာတွင် တိုင်းပြည်နှင့် ပြည်သူ လူထုအပေါ် စေတနာအရင်းခံ၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ စေတနာထား၍ ဆောင်ရွက်ပါက မိမိတို့အနေဖြင့် အောင်မြင်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)