Skip to main content

ပျဉ်းမနားမြို့ ဆုတောင်းပြည့်စေတီတော်နှင့် ဆုတောင်းရစေတီတော်များ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၂၆

ပျဉ်းမနားမြို့ရှိ ဆုတောင်းပြည့်စေတီတော်၊ ဆုတောင်းရစေတီတော်များ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပသည်။

အခမ်းအနားသို့ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီပဓာန သာသနာဓဇဓမ္မစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများ၊ ပျဉ်မနားမြို့မှ ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရစ္ဈာယ်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်ကို နာယူကြည်ညိုကြသည်။

ထို့နောက် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဆရာတော် အမှူးပြုသော ဆရာတော်သံဃာတော်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အလှူရှင်များက စေတီတော်တွင်တင်လှူပူဇော်မည့်  စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်များ ဆက်ကပ်လှူဒါန်းကြပြီး မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ဆက်လက်၍ ဆုတောင်းပြည့် စေတီတော်နှင့် ဆုတောင်းရစေတီတော်တို့ထံ တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အလှူရှင် ဒါယကာ၊ ဒါယိကာမများက ပင့်ဆောင်ပူဇော်၍ စေတီတော်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ကြသည်။

ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ကျမ်းဂန်လာ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ စေတီတော်အထွတ်သို့ ပင့်ဆောင်ပူဇော်ကြရာ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဆရာတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အလှူရှင် ဒါယကာ၊ ဒါယိကာမများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်သို့ ပင့်ဆောင်တင်လှူ ပူဇော်ကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဒါဘိသေ က အနေကဇာတင်၍ ဗုဒ္ဓဘိသိက်သွန်းတော်မူကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် အလှူရှင် ဒါယကာ၊ ဒါယိကာများက ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်သည် သာသနာ့ ဒါယကာ သီရိဓမ္မာသောက မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရှစ်သောင်းလေးထောင်သော စေတီတော်တို့တွင် တစ်ဆူအပါအဝင် ဖြစ်ပြီး ခေတ်အဆက်ဆက်မှ စေတနာရှင် အလှူရှင်များက ပြုပြင်တည် ထားကိုးကွယ်ပူဇော် လာခဲ့သည်မှာ ယခုဆိုလျှင် စေတီတော်ကြီးသည် နှစ်ပေါင်း ၁၅၆၀ ကျော် ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)