နေပြည်တော် ဧပြီ ၂၅
နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့မဈေး၊ သပြေကုန်းဈေး၊ အာဟာရသုခဈေး၊ ဒက္ခိဏသီရိဈေး နှင့် ပုဗ္ဗသီရိဈေးတို့ရှိ ညဈေးတန်းများအား ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်မှ စတင်ပိတ်ထားခဲ့ရာ ယခု ၂၀၂၁ ခုနှစ် ဧပြီ ၁၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဈေးရောင်း၊ ဈေးဝယ်များဖြင့် ပြန်လည်စည်ကားလျက်ရှိသည်ကို တွေ့ရှိရသည်။
စည်းကမ်းချက်များနှင့်အညီ ထိုသို့ ညဈေးတန်းများ ဖွင့်လှစ်ရာတွင် ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ် - ၁၉ ဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဈေးအတွင်း ဝင်ရောက်ရာတွင် နှာခေါင်းစည်းများ တပ်ဆင်၍ လက်ဆေးခြင်းတို့ ပြုလုပ်ကာ ဈေးဝယ်ယူနိုင်ရန် အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲထားခြင်းနှင့် ဈေးအတွင်း လိုက်လံအသိပေး နှိုးဆော်ခြင်းတို့ကို တာဝန်ရှိသူများက စီမံဆောင်ရွက် လျက်ရှိသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
မြို့မဈေးအုပ်ချုပ်ရေးမှူး ဦးဆန်းဦးက “ကျွန်တော်တို့ ညဈေးမှာ ဈေးသည်အားလုံး ၂၈၆ ဦးရှိပါတယ်။ နေပြည်တော်ကောင်စီက ပြန်လည် ဖွင့်လှစ်ခွင့်ပြုတဲ့အတွက် ယခုလိုဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ ဈေးသည်တွေ နှာခေါင်းစည်းတပ်ပြီး ဈေးရောင်းချဖို့၊ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ နေဖို့နဲ့ ဈေးလာရောက်ဝယ်ယူသူတွေကိုလည်း ကျွန်တော်တို့ ဝန်ထမ်းတွေက နှာခေါင်းစည်းတပ်ဖို့ကို သတိပေးတယ်။ ဈေးသည်တွေ နှာခေါင်းစည်း မတပ်ရင်လည်း ဒဏ်ရိုက်တဲ့အနေနဲ့ ဈေးရောင်းချခွင့် သုံးရက် နားခိုင်းပါတယ်။ ညဈေးတွေက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခြောက်လလောက် နားလိုက် ရတာဖြစ်ပါတယ်။ ဈေးသည်တွေထဲမှာဆိုတစ်နေ့လုပ် တစ်နေ့စားသမားတွေနဲ့ ဈေးရောင်းတဲ့ အလုပ် တစ်ခုကိုပဲမှီခို စားသောက်ရတဲ့သူတွေ ပါဝင်ပါတယ်။ ဒီလို ခြောက်လလောက် နားလိုက်ရတဲ့အတွက် အဆင်မပြေကြပါဘူး။ ဒါကြောင့် ဒီလူတွေရဲ့ တောင်းဆိုချက်အရ ပြန်လည်ဖွင့်လှစ်နိုင်အောင် လုပ်ပေးရတာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးမှုအနေနဲ့ ဈေးအတွင်းမှာ နှာခေါင်းစည်း တပ်ဖို့ ပညာပေးဗီနိုင်းဆိုင်းဘုတ်တွေ လုပ်ထားတယ်။ ဈေးသည်တွေ လိုက်နာရမယ့် စည်းကမ်းချက် တွေအပြင် လက်ဆေးဘေစင်တွေ ထားပြီး အဆင်ပြေအောင် အားလုံးဆောင်ရွက် ပေးထားပါတယ်” ဟု ၎င်းက ပြောသည်။
မြို့မညဈေးအတွင်း ဈေးရောင်းချသူ ကိုစန်းယု က “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဈေးတွေ ပိတ်ရတော့ ကျွန်တော်တို့ ဈေးသည်တွေစားဝတ်နေရေး အတွက် အတော်အခက်အခဲဖြစ်ခဲ့တယ်။ မိသားစု ကလည်းများတော့ ဈေးပိတ်ထားတဲ့ရက်တွေမှာ တခြားအလုပ်တွေကို ပြောင်းလုပ်ခဲ့ရတယ်။ ဘယ် အချိန် ဈေးပြန်ဖွင့်မလဲဘဲမျှော်လင့်ခဲ့ရတာ ကြာလှပါပြီ။ အခုလို ဈေးပြန်ဖွင့်တော့ တော်တော်လေး ဝမ်းသာမိတယ်။ ဈေးတာဝန်ရှိသူတွေကလည်း ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျဈေးရောင်းချဖို့ အသိပညာပေးပါတယ်။ နောက်ပြီး ဈေးရောင်းချ သူတွေရော ဈေးဝယ်သူတွေပါ ဒီစည်းကမ်းချက် တွေကို စနစ်တကျလိုက်နာဖို့ လိုအပ်ပါတယ်။ ဒါမှ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ပြီး အလုပ်တွေ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ညဈေးတန်းများ ဖွင့်လှစ်လိုက်သည့် အတွက် ဈေးရောင်းချသူများအပြင် ဆိုင်ကယ် ကယ်ရီသမားများ၊ မီနီအိုးဝေပြေးဆွဲကြသူများ၊ ကားအငှားပြေးဆွဲကြသူများ အားလုံးအလုပ်အကိုင် များ အဆင်ပြေစေသကဲ့သို့ ဝန်ထမ်းများအနေဖြင့် လည်း လတ်ဆတ်သည့်အစားအစာများ၊ နှစ်သက်ရာ စားသောက်ဖွယ်ရာများ လွယ်လင့်တကူ ဝယ်ယူ စားသောက်နိုင်သည်ကိုလည်း တွေ့ရှိရသည်။
သပြေကုန်းညဈေးအတွင်း ဈေးရောင်းချသူ ကိုပိုက်က “သပြေကုန်းညဈေးဆိုတာ နေပြည်တော် နဲ့ ပျဉ်းမနားမြို့ အနီးတစ်ဝိုက်က ဈေးသည်တွေနဲ့ ဈေးဝယ်သူတွေ အားထားရတဲ့ဈေးလည်း ဖြစ်ပါ တယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ဈေးတွေပိတ်လိုက် ရတော့ အတော်လေး စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ခဲ့တယ်။ ဒီလိုဈေးပိတ်လိုက်ရမယ် လို့လည်း မထင်ထားခဲ့မိဘူး။ ဈေးမရောင်းရတဲ့ အတောအတွင်းမှာ ရတဲ့အလုပ်ကို ရှာကြံလုပ်ခဲ့ရတယ်။ ဒီလိုဈေးပြန်ဖွင့်တော့ ပုံမှန်လုပ်ငန်း ပြန်လည်လည်ပတ်နိုင်ပြီး အသက်ရှူချောင်သွားပါတယ်။ တစ်ခုသတိထားရမှာက ကိုဗစ်ကပ်ရောဂါ ကာလဖြစ်နေတဲ့အတွက် ဈေးရောင်းသူရော ဈေးလာရောက်ဝယ်ယူသူတွေပါ ဈေးအတွင်း ဝင်ရောက်တဲ့ အခါမှာ နှာခေါင်းစည်းတပ်ခြင်းနဲ့ လက်ဆေးခြင်းတွေကို ဂရုပြုဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဈေးတာဝန်ရှိသူတွေ အနေနဲ့လည်း ဈေးအတွင်း လိုက်လံသတိပေး နှိုးဆော်ခြင်းတွေကို နေ့စဉ်နဲ့အမျှ ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောသည်။
ထို့ပြင် ဘောဂသီရိကားကြီးကွင်း၊ မြို့မဈေး ကားကြီးဝင်းနှင့် သပြေကုန်းဈေးကားကြီးဝင်း အတွင်းရှိ ယာဉ်လိုင်းများအား ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သဖြင့် အနယ်နယ်အရပ်ရပ်သို့ ခရီးသွားကြသူများကိုလည်း တွေ့ရှိရပြီး ယာဉ်လိုင်းတာဝန်ရှိသူများက ခရီးသည် များအတွက် မော်တော်ယာဉ်အတွင်း နှာခေါင်းစည်း များနှင့် လက်သန့်ဆေးရည်များ ထားရှိပေးခြင်း၊ မော်တော်ယာဉ်အတွင်း မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာပေးခြင်းတို့ကိုလည်း စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။ ။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရား၊ စေတီပုထိုးများနှင့် အထင်ကရ လည်ပတ် စရာနေရာများဖြစ်သော အမျိုးသားအထိမ်းအမှတ် ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ ရေပန်း ဥယျာဉ်၊ လှေခွင်းတောင်ကမ်းခြေအပန်းဖြေစခန်း စသည့်နေရာတို့တွင်လည်း ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြု ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်း - အောင်သန့်
ဓာတ်ပုံ - ကိုအေး