Skip to main content

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီး

နေပြည်တော် ဧပြီ ၂၅

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ် ထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၄ ရက်တွင် မူဆယ်မြို့ နန်းတော်ဂိတ် အနီး ပြည်ထောင်စုလမ်းမကြီး၌ တာယာကွင်းများစုပုံမီးရှို့မှုတွင် ပါဝင် ခဲ့သည့် ဆူပူအကြမ်းဖက်သူ ဝင်းမင်းထွန်း(ဘ) ဦးသန်းအောင်၊ နိုင်လင်း ထက်(ဘ)ဦးအောင်ထွန်း၊ ပြည့်ဖြိုးမောင်(ဘ) ဦးအောင်ကျော်၊ မနန်းဥမ္မာဦး (ဘ) ဦးမောင်စိုင်း၊ မနှင်းနှင်းဦး(ဘ) ဦးသန်းအေးနှင့် မအီခမ်(ဘ) ဦးအိုက်ယိုင်တို့ ခြောက်ဦးအား ကောင်းနောင်ရပ်ကွက် အိမ်အမှတ်၊ (က)၇၂)၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဆူပူအုံကြွစေရန် လှုံ့ဆော်စာများ လိုက်လံရေးသားဖြန့်ဖြူးနေသူများ ဖြစ်သည့် ဝေယံ(ဘ) ဦးအောင် အောင်ဇော်၊ မစန္ဒီညွန့်ဝင်း(ဘ)ဦးညွန့်ဝင်းနှင့် မအေးသန္တာအောင်(ဘ) ဦးခင်မောင်သန်းတို့ သုံးဦးအား တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် စက်မှု(၁)လမ်းပေါ်၌ လည်းကောင်း၊ မင်းတပ်မြို့ ကန်ပက်လက်လမ်းခွဲ အနီး၌ အမျိုးသားသုံးဦးအား လက်လုပ်မိုင်းရှစ်လုံးနှင့် လည်းကောင်း၊ ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး(၃) ဗိုလ်ချုပ်အောင်ဆန်းလမ်း ရေမြောင်းကူး တံတားရှိ တံတားကြမ်းခင်းနှင့် ကွန်ကရစ်တန်းကြား၌ ဒေသန္တရလက်လုပ်မိုင်းတစ်လုံးအား လည်းကောင်း၊ ပဲခူးမြို့နယ် လှော်ကားကျေးရွာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးရှိ ရော်ဘာ ခြံအတွင်း ခြံစောင့်ဖြစ်သူ မြင့်စိုး(ခ) မင်းလျှံအပါအဝင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ကို လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများ နှင့် ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ နံနက် ၉ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၁၀)ရပ်ကွက် ဦးဖိုးသုန် ရိပ်သာလမ်း အမှတ်(၁၇)(B) မင်းမင်း (စိစစ်ဆဲ)၏နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာ ၎င်းအား မတွေ့ရှိဘဲနေအိမ်အတွင်းမှ ဒူးလေး လေးလက်၊ လက်လုပ်သေနတ် တစ်လက်၊ မြားတံချောင်း ၃၁၀၊ လက်လုပ်ဗုံးလေးလုံး၊ ဂျင်ကလိများနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်လည်းကောင်း၊ နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၄)ရပ်ကွက်နေ ဇော်ဇော်အောင်(၃၇)နှစ် (ဘ) ဦးကျော်ကျော်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ဇော်ဇော်အောင်အား လည်းကောင်း၊ နံနက် ၁၁ နာရီခွဲခန့်တွင် အဆိုပါ ရပ်ကွက်နေ မျိုးကျော်ကျော် (၂၃) နှစ် (ဘ)ဦးညီအောင်၏ နေအိမ်အား ထပ်မံဝင်ရောက်ရှာဖွေခဲ့ရာ မျိုးကျော်ကျော်အား နေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၁၄)ရပ်ကွက်နေ သန်းစိုး (၆၀) နှစ် (ဘ) ဦးညွန့်တင် ၏နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအားနေအိမ် အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူညနေ ၅ နာရီခွဲခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၅) ရပ်ကွက် ထန်းခြောက်ပင်လမ်းဆုံရှိ “ရွှေမင်းသမီး” အဆောက်အအုံနှင့် “ထွန်းရွှေရောင်” လက်ဖက်ရည်ဆိုင်ကြားလမ်းဘေး၌ ဆန္ဒပြရာတွင် အသုံးပြုသည့်ပစ္စည်းများ တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရွာဘဲရပ်ကွက်နေ ဒေါ်သန္တာအောင် (၄၅)နှစ် (ဘ) ဦးသိန်းအောင်၏ နေအိမ်အား သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာဒေါ်သန္တာအောင်နှင့်အတူ နေအိမ်အတွင်းမှ ဒူးလေးများ၊ ဓားများနှင့်အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ ည ၁၀ နာရီတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်နေ ကျော်မင်းသူ (၃၄) နှစ် (ဘ) ဦးကျော်စိန်၏နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ကျော်မင်းသူအား နေအိမ်၏ အနောက်ဘက်ခြံဝင်းအတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ည ၁၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်နေ ကျော်ဆန်းဦး(ခ)ရာဇာ (၅၀) နှစ်(ဘ) ဦးကျော်ဦး၏နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ကျော်ဆန်းဦး(ခ)ရာဇာအား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဧပြီ ၂၅ ရက်တွင် ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက် ကျည်တောင်ကန်ဘူတာနှင့် ဖြုတ်ခွဲဘူတာကြားရှိ ရထားသံလမ်းကူး တံတား အောက်ခြေမြေကာနံရံ လေထွက်ပေါက်အတွင်း၌ ဒေသန္တရ လက်လုပ်မိုင်းတစ်လုံးအား သိမ်းဆည်းရမိခဲ့သည်။ နံနက် ၁၁ နာရီခွဲ တွင် ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်ရှိ အမှတ်(၁၄) အခြေခံပညာမူလတန်းကျောင်းအတွင်း ဆူပူအကြမ်းဖက် မှုလုပ်ရပ်များတွင် အသုံးပြုသည့်ပစ္စည်းများတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်း အတွင်းရှိ စာကြည့်တိုက် အခန်းတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ" နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်နေ ပြည်ထွေး (၂၇) နှစ် (ဘ) ဦးဉာဏ်ထွန်း၏နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ကြည်ထွေးအား ပြုလုပ်ဆဲ လက်လုပ်သေနတ်တစ်လက်၊ သေနတ်သစ်သားကိုယ်ထည်တစ်ခု၊ ဂက်စ်ဘူးတစ်ဘူးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)