ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်ခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများသည် ဆူပူမှု၊ အကြမ်းဖက် သောင်းကျန်းမှု၊ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများဆီအထိ အဆင့်ဆင့် ကူးပြောင်းခဲ့ပြီး လက်ရှိအခြေအနေတွင်မူ လက်လုပ်ဗုံးများ၊ မီးပုလင်းများဖြင့် နှောင့်ယှက်ပစ်ခတ်မှု၊ အစိုးရပိုင်၊ အများပြည်သူပိုင် လမ်းတံတား၊ အဆောက်အအုံများကို မီးရှို့မှုတို့ကိုသာ နေရာဒေသအချို့၌ ပြုလုပ်နေကြသည်ကို သတင်းများအရ သိကြရသည်။ နိုင်ငံတစ်ဝန်း အမြို့မြို့အနယ်နယ်တို့တွင် ပုံမှန်အခြေအနေဆီသို့ ပြန်လည်ရောက်ရှိလာနေပြီး အေးချမ်းသာယာမှုကို မလိုလား သည့် အုပ်စုတို့၏ ထုံးပိုင်း ့ပိုင်း လှုပ်ရှားမှုတို့သာ ရှိနေသည်ဟု သိရသည်။
ဆန္ဒပြမှုမှသည် အကြမ်းဖက်သောင်းကျန်းမှုအထိ အဆင့်ဆင့် ရောက်ရှိခဲ့သည့် ကာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများသည် အစောပိုင်းကာလတွင်သာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တုတ်၊ ဓားလက်နက်များ ကိုင်ဆွဲကာ တိုက်ခိုက်ဖျက်ဆီး သတ်ဖြတ်မှုများအထိ ပြုလုပ်ခဲ့ကြသည်။ တရားဝင်ကိန်းဂဏန်းများ အရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၅ နေ့အထိ အပြစ်မဲ့ ပြည်သူ ၁၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး အယောက် ၃၀ မှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။ တပ်မတော်သား ၇ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၇ ဦး သတ်ဖြတ်ခံခဲ့ရသည်။ တပ်မတော်သား ၄၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ စက်ရုံ ၁၃ ရုံ၊ ရဲစခန်း ၆၃ ခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၆၂ ရုံး၊ အစိုးရရုံးဌာန ၅၂ ရုံး၊ အများပြည်သူသွားလာသည့် လမ်းတံတား ၁၆ ခု၊ ဘဏ် ၁၃ ခု၊ စာသင်ကျောင်းနှင့် အခြားအဆောက်အအုံနေရာ စုစုပေါင်း ၁၀၅ ခုတို့ မီးရှို့ တိုက်ခိုက်ဖျက်ဆီးမှု အသီးသီးခံခဲ့ကြရသည်။ ဤသည်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းမှာပင် ကျန်ရစ်ခဲ့ပြီး နောက်ပိုင်းဆက်လက် ဖြစ်ပေါ်လာမှုများတွင် အကြမ်းဖက်အဖျက်လုပ်ရပ်တို့ ဖုံးလွှမ်းနေသည့် သက်သေသာဓကများပင် ဖြစ်သည်။
အကြမ်းဖက်ဆန္ဒပြသူများအကြားတွင် လက်နက်စွဲကိုင်ထား သူများရှိနေပြီး ယင်းလက်နက် တို့ကြောင့်ပင် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေကျေခဲ့ကြရခြင်း ဖြစ်သည်။ လူမှုကွန်ရက်နှင့် အင်တာနက်တွင် လက်လုပ်သေနတ်၊ လက်လုပ်ဗုံး ပြုလုပ်နည်းများ၊ မိုင်းပြုလုပ်နည်းများ ဖြန့်ဝေကြသည်။ ပြည်သူများအချင်းချင်း သူလျှို ဒလန်များအဖြစ် သံသယများ ဖြစ်ပေါ်လာပြီး သတ်ဖြတ်ရန်အထိပင် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသလို ဆင်ခြင်တုံတရားကင်းမဲ့စွာ လိုက်ပါလုပ်ဆောင်ခဲ့ကြသည်ကိုလည်း တွေ့ကြရသည်။ ယခု အချိန်အထိလည်း ဆက်လက်ပြုလုပ်နေကြဆဲဖြစ်ပြီး တစ်မြို့နယ်နှင့် တစ်မြို့နယ် အပြိုင်အဆိုင် ပြုလုပ်ကြရန်ပင် မြှောက်ထိုးပင့် ကော်လုပ်၍ ဖေ့စ်ဘုတ်တင်နေကြဆဲဖြစ်သည်။
ဒီမိုကရေစီတွင် မတူကွဲပြားမှုများရှိလာသည်ကို မိမိတို့ လက်ခံခဲ့ကြပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် တရားဝင်နိုင်ငံရေး ပါတီပေါင်း ၉၀ ကျော်ရှိရာ မတူကွဲပြားမှု မည်မျှများပြားသည်ကို တွေ့နိုင်သည်။ ကိုယ်နှင့်မတူ၍ ကိုယ့်ရန်သူ လုပ်၍ မရ။ ငါစွဲ ကြီးမားလွန်း၍ အစွန်းရောက်စိတ်ဓာတ်တို့ ဖုံးလွှမ်းလာသည့်အခါ အမှားကိုပင် အမှန်ထင်လာသည်။ အကြမ်းဖက်ရန်၊ သတ်ရန် ဖြတ်ရန် ဝန်မလေးသည့် အတွေးအခေါ်နှင့် လုပ်ရပ်များဖြင့် ဒီမိုကရေစီကို လိုလားသည်ဟုဆိုပါလျှင် ကြောင်းကျိုးကိုက်ညီ ဆီလျော်မှု ရှိမရှိ တွေးဆကြည့်ကြရန်သာ ဖြစ်ပါကြောင်း။ ။