နေပြည်တော် ဧပြီ ၂၅
ပွင့်ဖြူမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း၊ လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းများ၊ ပရဟိတဂေဟာများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်ဥတ္တမ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်ချိန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ လေဘေးသင့်ပြည်သူ၊ အသက်(၈၅)နှစ်အထက်ဘိုးဘွားနှင့် ထိခိုက်လွယ်အုပ်စုဝင် မသန်စွမ်းသူအချို့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလ ပြဌာန်းချက်များနှင့် အညီ တာဝန်ယူဆောင်ရွက် ခဲ့သည်မှာ (၃)လရှိပြီ ဖြစ်ကြောင်း၊ ပုံမမှန်သည့် ရွေးကောက်ပွဲ ဖြစ်စဉ်များ၊ သဘာဝမကျသော မဲစာရင်း မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ကိစ္စရပ်များကို တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဖြေရှင်းပေးခြင်းမရှိသည့်အတွက် အရေးပေါ် ကာလပြဌာန်းချက် များအရ ကြားကာလအစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ရပ်တန့်နေသည့်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပြန်လည်စတင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လမ်းညွှန်ထားရှိပါကြောင်း။
သင်္ကြန်ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လေပြင်းဘေးများဖြစ်ပေါ်ခဲ့ရာ ပွင့်ဖြူမြို့နယ်မှာ အများဆုံးထိခိုက် ခံစားခဲ့ရပါကြောင်း၊ သို့ပါ၍ ပွင့်ဖြူမြို့နယ်အတွင်းရှိ လေဘေးသင့် ပြည်သူများကို ကူညီထောက်ပံ့နိုင်ရေး အတွက် လာရောက်ရခြင်းဖြစ်ပါကြောင်း။
မကွေးတိုင်းဒေသကြီးတွင် ဧပြီ (၁၂)ရက်မှ (၁၅)ရက်အတွင်း လေပြင်း တိုက်ခတ်မှုများကြောင့် စလင်း၊ ဆိပ်ဖြူ၊ မြိုင်၊ ရေစကြို၊ ရေနံချောင်း၊ ကံမ၊ ပွင့်ဖြူ၊ ပေါက်နှင့် တောင်တွင်းကြီးမြို့နယ်များတွင် အိုးအိမ်ပျက်စီးမှု ရှိခဲ့ပါကြောင်း၊ လေပြင်းဘေးဖြစ်ပွားမှုများအနက် ပွင့်ဖြူမြို့နယ်တွင် ထိခိုက်မှုများသည့် အတွက် မိမိကိုယ်တိုင် လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ ထောက်ပံ့လိုသည့်အတွက် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပွင့်ဖြူမြို့နယ်တွင် လေဘေးသင့်ပြည်သူ(၂၀၇၂) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၀၁)သိန်းကျော် ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဘေးဒဏ်ကို လက်တွေ့ရင်ဆိုင်ကြုံတွေ့ခံစားရ သည့် ပြည်သူလူထု၏ သဘာဝဘေးအသိပညာ တိုးပွားရေး၊ ရပ်ရွာများ၏ ဘေးဒဏ်ရင် ဆိုင်တုံ့ပြန်နိုင် စွမ်းမြင့်မားရေးတို့ကိုလည်း လူမှုရေးအဖွဲ့ အစည်းများ အပါအဝင် ပြည်သူ များ၏ ပူးပေါင်းပါဝင်မှုနှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဂေဟာ/ရိပ်သာ (၁၉)ခု အတွက် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့မှုအနေဖြင့် စုစုပေါင်း ထောက်ပံ့ကြေး ငွေကျပ် ၁၀၇၀၄၀၀၀ဝိ/- ကို ထောက်ပံ့နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် ၂၀၁၄ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်း ခဲ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ် နှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘိုးဘွားဦးရေ(၂၅၀,၀၀၀) ခန့်ကို တစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်း ဖြင့်(၃)လ တစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်း အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားဦးရေ (၂၅၃၇၅) ဦးကိုထောက်ပံ့ ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအတွက် လူ့အခွင့်အရေးများ တန်းတူညီမျှ ရရှိရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း။
လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်ရှိသော ကာလတွင် ဝန်ကြီးဌာနအနေဖြင့် ထိခိုက်လွယ်အုပ်စု ဖြစ်သည့် မသန်စွမ်းသူများ အတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်တွင် မသန်စွမ်းသူဦးရေ(၂) သိန်းအတွက် တစ်ဦးလျင်ငွေကျပ် (၃၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ ထောက်ပံ့ကြေးမရရှိခဲ့သည့် မသန်စွမ်းသူများအတွက် ဆက်လက် ထောက်ပံ့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်း ထောက်ပံ့ကြေးမရရှိခဲ့သည့် မသန်စွမ်းသူဦးရေ (၈,၉၁၈)ဦးရှိကြောင်း တွေ့ရှိရပါ ကြောင်း၊ ထို့ကြောင့် ယနေ့တွင် မကွေးတိုင်းဒေသကြီး အတွင်း ထောက်ပံ့ကြေး မရရှိခဲ့ သည့် မသန်စွမ်းသူဦးရေ (၈,၉၁၈) ဦးအနက် ပွင့်ဖြူမြို့ရှိ မသန်စွမ်းသူ (၄၇၀)အတွက်(၁ )ဦးလျင် (၃၀,၀၀၀/-) ကျပ်နှုန်းဖြင့်စုစုပေါင်း ငွေကျပ် (၁၄,၁၀၀,၀၀၀/-) (ကျပ်တစ်ရာ လေးဆယ့် တစ်သိန်းတိတိ) ကို ထောက်ပံ့သွားမည်ဖြစ်ပြီး ကျန်ရှိသည့် မသန်စွမ်းသူများကိုလည်း ထောက်ပံ့နိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း လုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်လာစေရေး၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးပေးနိုင်ရေး၊ ဝန်ကြီးဌာနအနေဖြင့် ကြိုးစားအကောင်ထည်ဖော် ဆောင်ရွက်လျက် ရှိသကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူမှုရေး အဖွဲ့အစည်းများနှင့်၊ ပြည်သူလူထု တစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က ကိုဗစ်-၁၉ ကြောင့် ရပ်တန့်နေသော လုပ်ငန်းများကို ပြန်လည်စတင်နိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်သော မူကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မကွေးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီဝင်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသည့် ဘိုးဘွားများ၊ လေဘေးသင့်ပြည်သူများ၊ မသန်စွမ်းသူများထံ ထောက်ပံ့ပေးအပ်ရာ အခမ်းအနားသို့ တက်ရောက်လာသူများကိုယ်စား မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်ချိန် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မကွေးမြို့ပေါ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဝန်ထမ်းများက တင်ပြလိုသည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ရောက်ရှိပြီး တိုင်းဒေသကြီးဦးစီးမှူးရုံး သိုလှောင် ရုံအားကြည့်ရှုစစ်ဆေးကာ သိုလှောင်ရုံ ထိန်းသိမ်းရေး လက်စွဲအတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်ရန်နှင့် ယခုလတ်တလော ဖြစ်ပွားလျက်ရှိသည့် လေဘေးဖြစ်ပွားမှုများနှင့် မိုးဦးကာလ ဖြစ်ပွားတတ်သည့် ဘေးအမျိုးမျိုးအတွက် ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ လုံလောက်စွာ ဖြည့်တင်းထားရှိရေး မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)