နေပြည်တော် ဧပြီ ၂၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း နှင့်အတူ ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့တွင်းလမ်းများ၏ အခြေအနေကို လိုက်လံစစ်ဆေးပြီး ကျိုင်းတုံမြို့၊ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးအား ဖူးမြော်ကြည်ညို၍ ပန်း ၊ ရေချမ်း ၊ ဆီမီး နှင့်ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ကာ ဘက်စုံအလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် B.O.T စနစ်ဖြင့် ဆောင်ရွက်သော ကျိုင်းတုံ - မိုင်းဖြတ် - တာချီလိတ်လမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှုကိုလည်းကောင်း၊ တာလေ - ပါလျှိုး - ကျိုင်းလပ်လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေကိုလည်းကောင်း ၊ လမ်း တစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တာလေ - ပါလျှိုး- ကျိုင်းလပ် လမ်း (12km မှ 55km) အတွင်း ၁၂ပေအကျယ် ကတ္တရာလမ်းမှ (၁၈ ပေ) အကျယ် ကတ္တရာ လမ်းအဆင့်အထိ ဦးစားပေးဆောင်ရွက်ထားရန်လိုပါကြောင်း ၊ မြန်မာ - လာအို နယ်စပ် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာပြီး ကုန်စည်စီးဆင်းမှု များပြားလာပါက (၂၄ပေ) အကျယ် ကတ္တရာလမ်းအဆင့်အထိ တိုးမြှင့် ဆောင်ရွက်သွားရန် အစီအစဉ်များရှိပါကြောင်း ၊ လက်ရှိမူလ လမ်းအပိုင်းကိုလည်း ကုန်တင်ယာဉ်ကြီးများ သွားလာရာတွင် အဆင်ပြေချောမွေ့စေရေး အတွက် ပုံမှန်ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားအရှည်(၆၉၁ ဒသမ ၆) မီတာရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းသို့ရောက်ရှိပြီး တံတားကြီးကြံ့ခိုင်မှု၊ တံတားအောက်ဘက်နှင့် တံတားအထက်ဘက် ရေလမ်းကြောင်း အခြေအနေအား တံတားပညာရှင်အဖွဲ့နှင့်အတူ စစ်ဆေးကြည့်ရှု့ပြီး တံတားကြီးရေရှည် တည်တံ့ခိုင်မြဲရေး အတွက် ထိန်းသိမ်းရေးအပိုင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူ များအား မှာကြားသည်။
မွန်းလွဲပိုင်းတွင် တာလေမြို့ရှောင် လမ်းပေါ်၌ တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၃)၊ တံတားအထူးအဖွဲ့ (၁၂)မှ တာဝန်ယူ တည်ဆောက်နေသော အရှည် ပေ(၅၈၀) နမ့်လင်းချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးသန့်ဇင်က တံတား တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဘဏ္ဍာရေးနှစ် အလိုက် လုပ်ငန်း ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို မြေပုံ ကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာလေမြို့ရှောင်လမ်း (5km နှင့် 6km) ကြားရှိ အရှည် ပေ(၁၀၀) နားဟိုင်းလုံတံတား တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ် ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တံတားဘိုးပိုင်လုပ်ငန်းများ ၊ သက်မှတ်စံချိန်စံညွှန်း ပြည့်မီရေး ၊ ပတ်ဝန်းကျင် ဓါတ်သတ္တုတူးဖော်ရေး ဆောင်ရွက်သည့် လုပ်ငန်းရှင်များကြောင့် တံတား ရေလမ်းကြောင်းနှင့် တံတားတိုင်များ ထိခိုက်မှုအန္တရာယ်မရှိစေရေး ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် တာချီလိတ်မြို့သို့ ရောက်ရှိပြီး တာချီလိတ်-မယ်ဆိုင် ၊ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား အရှည် (၂၉၃)ပေ၏ ကြံ့ခိုင်မှုအခြေအနေအား မြန်မာနိုင်ငံဘက်ခြမ်း တံတားပေါ်မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)