Skip to main content

အမ်းမြို့နယ်အတွင်းရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင် ဒေသခံပြည်သူများကို ထောက်ပံ့ငွေနှင့် ရိက္ခာဆန်များ ထောက်ပံ့၊ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်

 

နေပြည်တော် ဧပြီ ၂၄

ရခိုင်ပြည်နယ် အမ်းမြို့နယ် အတွင်း နေရပ်ပြန်မည့် တိုက်ပွဲရှောင် ဒေသခံပြည်သူများကို ထောက်ပံ့ငွေနှင့် ရိက္ခာဆန် ထောက်ပံ့ပေးအပ်ပွဲကို ဧပြီ (၂၃ ရက် နံနက်ပိုင်းတွင် အမ်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် နေရပ်ပြန်မည့် တိုက်ပွဲရှောင် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ထောက်ပံ့ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက တိုက်ပွဲ ရှောင်ဒေသခံပြည်သူအိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ငါးသိန်းနှုန်း ဖြင့် အိမ်ထောင်စု ငွေကျပ် ၁၂၄ စုအတွက် ငွေကျပ်သိန်း ၆၂၀ ကို လည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အိမ်ထောင်စု ၁၂၄ စုအတွက် တစ်လစာ ရိက္ခာဆန် ၁၃၁ အိတ်) ပြည်အား လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ရာ နေရပ်ပြန်မည့် တိုက်ပွဲရှောင် ဒေသခံ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

အဆိုပါ နေရပ်ပြန်မည့် တိုက်ပွဲရှောင် ဒေသခံပြည်သူ များကို ယနေ့နံနက်ပိုင်းတွင် ၎င်းတို့၏ နေရပ်ဒေသအသီးသီး သို့ ထွက်ခွာနိုင်ရေးအတွက် နယ်မြေခံ တပ်မတော်သား များက ကူညီဆောင်ရွက်ပေးပြီး မော်တော်ယာဉ်များဖြင့် လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

 

ပထမအကြိမ်အဖြစ် ဧပြီ ၆ ရက်တွင် နေရပ်ပြန်မည့် တိုက်ပွဲရှောင် ဒေသခံပြည်သူ အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၆၁ ဦးအတွက် ထောက်ပံ့ငွေကျပ် သိန်း ၈၀၊ တစ်လစာ ရိက္ခာဆန်၊ Solar မီးအိမ် ၁၆ လုံး၊ ဇီဝမီးဖို ၁၆ ခု၊ ရေပုံး ၁၆ လုံး၊ ခြင်ထောင် ၄၈ လုံး၊ Family Kit ၁၆ ဖာ၊ စောင်ပါး ၄၈ ထည်၊ ဖိနပ် ၃၆ ရံ၊ ပုဆိုး ၂၆ ထည်၊ အမျိုးသားဝတ် အကျီ၂၆ထည်နှင့်အမျိုးသမီးဝတ် ၃၆ ထည်တို့ကို ထောက်ပံ့ ပေးအပ်ခဲ့သည်။ ထို့အပြင် မတ် ၁၅ ရက်တွင်လည်း ရခိုင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ရသေ့တောင် မြို့နယ် ရွှေလောင်းတင်ကျေးရွာ တွင် နေရပ်ပြန်မည့် တိုက်ပွဲရှောင် အိမ်ထောင်စု ၄၀ ၊ လူဦးရေ ၁၂၂ ဦးကို အလှူငွေကျပ်သိန်း ၉၀၊ အိမ်ဆောက်ပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

 

၎င်းအပြင် ရခိုင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင်စခန်း အသီးသီးမှ ဒေသခံပြည်သူများ အား မိမိတို့၏နေရပ် ဒေသအသီး သီးသို့ ပြန်လည်နေထိုင်နိုင်ရေး အတွက် တပ်မတော်နှင့် ရခိုင် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီတို့မှ ဒေသအလိုက်စုဖွဲ့ ပြင်ဆင်ပေးခြင်းများ စီစဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်