နေပြည်တော် ဧပြီ ၂၃
သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြည်သူလူထုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအတွက် ပြည်သူ့ဆေးရုံ များကို အဓိက အားကိုးအားထားပြုနေရပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှု ဆောင်ရွက်ရာတွင် ဆရာဝန်များအပြင် သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ မရှိမဖြစ် အရေးကြီးပါကြောင်း၊ ယခုအချိန်ကာလတွင် အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်လည်ပတ်နိုင်မှု မရှိသည့် ဆေးရုံများရှိသော်လည်း ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက် ဆိုင်ရာကျွမ်းကျင် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်မပျက် တာဝန်ထမ်းဆောင်နေသူများ လည်းရှိပြီးရှိသည့် အင်အားဖြင့် လူနာများ၏ ရောဂါရှာဖွေရေး၊ ဆေးကုသရေးတို့ကို အထောက် အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ကို သိရှိရသည့်အတွက် အထူးချီးကျုး ဂုဏ်ယူပါ ကြောင်း၊ ဆေးရုံဝန်ထမ်းများနည်းတူ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများသည်လည်း မိမိတို့ တာဝန်ကျရာနေရာများတွင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေကြသည်ကို သိရှိရပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူ လူထုအပေါ် သစ္စာစောင့်သိရန် လိုအပ်သလို ကျန်းမာရေး ဝန်ထမ်းများသည် မိမိတို့ Professional အလိုက် ထိန်းသိမ်းရမည့် ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကာ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆေးရုံများ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသည့်အတွက် လူနာအများအပြား အခက်အခဲ တွေ့ရှိကာ ထိခိုက်နစ်နာမှုများ ရှိနေကြပါကြောင်း၊ အထူးသဖြင့် ဆေးကုသမှုရရှိရန် နှောင့်နှေးခြင်းကြောင့် ကိုယ်ဝန်ဆောင် မိခင်များ အသက်ဆုံးရှုံး ခြင်း၊ မွေးကင်းစကလေးများ အသက်ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ပါက ဝမ်းနည်းဖွယ်ရာ ဖြစ်ပါကြောင်း၊ နာတာရှည် ကျောက်ကပ်ရောဂါ လူနာများအတွက် ကျောက်ကပ်သွေးသန့်စင်ခြင်းကဲ့သို့ ကျန်းမာ ရေး ဝန်ဆောင်မှုများမှာ ပုံမှန်ဆောင်ရွက်နေရမည့် လုပ်ငန်းများဖြစ်ပြီး အဆိုပါ လုပ်ငန်းများကို သင်တန်းရရှိပြီး သူနာပြုများက ကျွမ်းကျင်စွာဖြင့် ဆောင်ရွက်နိုင်ကြသဖြင့် လူနာများ အကျိုး အတွက် မိမိတို့ရှိသည့်အင်အားဖြင့် ဆက်လက်ဆောင်ရွက် ကြစေလိုပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့်ဆေးပစ္စည်း လိုအပ်ချက်များကို ပံ့ပိုးနိုင်ရေးဆောင်ရွက်ထားပါ ကြောင်း၊ သူနာပြု/သားဖွားသင်တန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများ၊ သူနာပြု ဆရာမကြီးများ သည် မိမိတို့၏ညီမငယ်သူနာပြုများ၊ သင်တန်းသူ/သင်တန်းသားများအတွက် အနန္တဂိုဏ်းဝင် ဆရာ များ ဖြစ်ကြပါကြောင်း၊ အခြားဝန်ထမ်းများအတွက် Role Model များ ဖြစ်သည့် အလျောက် ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်နိုင်သော Professional ပီသသော စိတ်ဓာတ်များ၊ အပြုအမူများကို လက်ဆင့်ကမ်းပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ယခုအချိန်ကာလ၌ မမှန်ကန် သော သတင်းစကားအမျိုးမျိုးကို နားယောင်ကာ မိမိတို့ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားကြရသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ပြန်လည်တာဝန်ထမ်းဆောင်လိုသူများ မဝင် ရောက်နိုင်အောင် တာဝန်ထမ်းဆောင်နေသူများကို သတင်းအမှားများဖြင့် အမျိုးမျိုးတိုက်ခိုက် ဟန့်တားလျက်ရှိပါကြောင်း။
ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ပတ်သက်၍ သတင်းမှားများကို ဖြန့်ဝေခဲ့ကြသော်လည်း မိမိတို့ အနေဖြင့် မိမိတို့ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကာ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ မိမိတို့ ပတ်ဝန်းကျင်ရှိ လုပ်ဖော်ကိုင်ဖက်များ ကိုလည်း လုပ်ငန်းခွင်သို့ ပြန်လည်မဝင်ရောက်အောင် ဖြန့်ဝေနေသည့် သတင်းအမှားများကို အမှန်မြင်အောင် ရှင်းလင်းပြောပြကာ မိမိတို့ ကျန်းမာရေးဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်၍ ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ အလုပ်တာဝန် ပြန်လည်ထမ်း ဆောင်လို သောဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်အောင် ပံ့ပိုးကူညီပေးစေလို ပါကြောင်း၊ ၂၀၂၁-ခုနှစ် မတ်လမှ စတင်၍ ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါလူနာများ ပြန်လည် များပြားလာပြီး New Variant ရောဂါပိုး ပျံ့နှံ့မှုများလည်း ရှိနေသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကုသရေး လုပ်ငန်းများကိုလည်း မပေါ့လျော့စေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ရပ်ဆိုင်းခဲ့ရသော နိုင်ငံတော် ၏ လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များကို ဖြေလျှော့ပေးခဲ့ရသည်များရှိရာ တစ်ဦးချင်း တစ်ယောက်ချင်းက သတ်မှတ်ချက်များအတိုင်း စည်းကမ်းလိုက်နာကြရန်မှာ ပိုပြီး အရေးကြီးလာပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် လည်း စံပြအဖြစ် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်း စသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြစေလိုပါကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ တာဝန်ရှိသူ များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့ဆေးရုံများမှ ဦးစီးအရာရှိ/သူနာပြုအုပ်/ သူနာပြု ဆရာမကြီးများ၊ သူနာပြု/ သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ဓာတ်ခွဲ/ဓာတ် မှန်/ဆေးဝါး/ အကြော/မျက်မှန်/နား စသည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုလုပ်ငန်းဆိုင်ရာ လုပ်ငန်းအရာရှိ/ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များဖြစ်သည့် ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ တိုင်းဒေသ ကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ အမျိုးသားကျန်းမာရေး ဓါတ်ခွဲ မှုဆိုင်ရာဌာန(ရန်ကုန်မြို့)တို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီးရုံး အစည်းအဝေးခန်းမ တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် နယ်စပ်ဂိတ်များ/ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများ မှတစ်ဆင့် မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးများ မိမိတို့နိုင်ငံအတွင်း ဝင်ရောက်ကူးစက်ပြန့်ပွားမှု အား ထိရောက်စွာ ကာကွယ်တားဆီးရေးနှင့် ကိုဗစ်-၁၉ ရောဂါ နောက်ထပ်လှိုင်းတစ်ခုအသွင် ဖြစ်ပွားမှု မရှိစေရေး အတွက် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယခုထက်ပိုမိုအားဖြည့် ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ သံသယ လူနာများအား ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲစစ်ဆေးမှုမျာကို အားဖြည့်မြှင့်တင်ဆောင်ရွက် ရမည့် အစီအစဉ်များ၊ ရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သည့်ဆေးဝါးနှင့်ဆေးပစ္စည်း များ အလုံ အလောက်ဖြန့်ဖြူးပေးမည့် အစီအစဉ်များ၊ ပြည်သူ့ဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါ လူနာများ လက်ခံကုသပေးမည့် အစီအစဉ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး/ကုသရေး လုပ်ငန်းများတွင် လိုအပ်သည့် အရင်းအမြစ်များ ယခုထက်ပိုမိုလုံလောက်စွာ ရရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် များအလိုက်ပူးပေါင်းဆောင်ရွက်မည့်အစီ အစဉ်များ၊ ကျန်းမာရေး ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)