နေပြည်တော် ဧပြီ ၂၃
ကလေးသူငယ်များကို မွေးစားခွင့်ပေးရာတွင် ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သည့် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်၊ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်များရရှိအောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံရှိ ပကတိ အခြေအနေ များ၊ တိုင်းရင်းသားများ၏ ဓလေ့ထုံး တမ်းစဉ်လာများနှင့် နိုင်ငံတကာ စံချိန်စံညွန်းများနှင့် ကိုက်ညီ စေရေး ဆောင်ရွက်ရန် အရေးကြီးပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ အခန်း(၈) ကလေးသူငယ်ကို မွေးစားခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲနှင့် မူလတန်း ကြိုကျောင်းများ၊ နေ့ကလေးထိန်းဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့ဖြစ်နေသည့် ကလေး သူငယ်များနှင့် မိဘနှင့်ကွဲကွာနေထိုင်နေရသည့် ကလေးသူငယ်များအား မိသားစု ဘဝရရှိရေး အတွက် မွေးစားခွင့်ပေးရခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဉပဒေ(၂၀၁၉) အခန်း(၈)ပါ ကလေးကို မွေးစားခြင်းနှင့်စပ်လျဉ်း၍ နည်းဥပဒေထဲတွင် အသေးစိတ်ထည့်သွင်းရန်၊ စကားလုံး၊ အသုံးအနှုန်းများ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို သေချာစိစစ်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို အဓိက ဦးတည်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များအား နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်ဆီလျော်မှုရှိစေရန် အလေးထား စေလိုပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲ နေစဉ်ကာလအတွင်း ကလေးသူငယ် မွေးစားခြင်းကိစ္စများကို ဆောင်ရွက်နေရသဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ကလေးသူငယ်မွေးစားခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ(၃)မျိုးကို ထုတ်ပြန်ဆောင်ရွက်နေရ ပါကြောင်း၊ ခေတ်ကာလနှင့် လျော်ညီမှုရှိသည့် လုပ်ထုံးလုပ်နည်းများဖြစ်ရန် လိုအပ်ပါကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို လိုအပ်ပါက ပြန်လည်သုံးသပ်ရန်နှင့် ရေးဆွဲလျက် ရှိသော နည်းဥပဒေတွင် ပါဝင်သင့်သည့် အချက်အလက်များကို ထည့်သွင်းဖော်ပြရန် ပြောကြား သည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေ ပုဒ်မ ၂၅ မှ ပုဒ်မ ၃၂ အထိ ပြဋ္ဌာန်း ထားချက်များအရ ကလေးမွေးစားခွင့်နှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်း (၂/၂၀၂၀)ပါ အပိုဒ် (၄၊၅၊၆၊၇)တို့ကို တာဝန်ရှိသူက ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ကလေးသူငယ် မွေးစားခြင်းနှင့်ပတ်သက်၍ အကြံပြုဝိုင်းဝန်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စတုတ္တ(၃)လပတ်တွင် ဖွင့်လှစ်ရန်လျာထားသည့် ဌာနတွင်း မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးနှင့် ပုဂ္ဂလိက မူလတန်းကြို ကျောင်းများ၊ အထူး ပညာသင်ကျောင်းများအတွက် လက်ရှိမြေပြင် အခြေအနေအရ ဖွင့်လှစ်ဆောင်ရွက်နိုင်မှု အခြေအနေများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကို မှာကြားသည်။
(သတင်းစဉ်)