နေပြည်တော် ဧပြီ ၂၃
နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁) ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့နှင့်အညီ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်း ၂ ခုဖြစ်သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပြည်နယ်/ ပြည်မ အကြားအလပ်မရှိ ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီစေရေး၊ အချိန်မီ ပြီးစီးရေးတို့ကို ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အဆင့်ဆင့်သော ဝန်ထမ်းများအားလုံးက တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံမှုများဖြင့် စစ်ဆေးကြပ်မတ် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများကို ကန့်သတ်ချက်များ ရှိနေသော် လည်း အရှိန်အဟုန်မပြတ်ဆောင်ရွက် အကောင်အထည်ဖော်နိုင်သည်ကို တွေ့ရှိရကြောင်း၊ လုပ်ငန်း များဆောင်ရွက်ကြရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များ၊ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း။
မိမိတို့ဝန်ကြီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် အတွေးအမြင် မှန်ကန်စွာဖြင့် နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်ကြံရမည့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များနှင့် အညီ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြခြင်းအပေါ် အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ဆက်လက်၍ နိုင်ငံတော်အပေါ် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားကြရန်နှင့် မည်သည့်ကိစ္စမဆို နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှု၍ ဆင်ခြင် တုံတရားများဖြင့် သတိပြု ဆောင်ရွက်ကြစေလိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု ရှိရှိဖြင့် အဂတိတရား ကင်းရှင်းစွာ ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများနှင့် သက်သာချောင်ချိရေးတို့ကိုလည်း မူဝါဒများနှင့်အညီ အမြဲဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို အကျဉ်းချုပ် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကို Online စနစ်ဖြင့် ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ ပညာရေး၊ ရေရရှိရေး၊ အိမ်ရာဆောက်လုပ်ရေး စသည့် လုပ်ငန်း စုစုပေါင်း ၅၆၀ ကို ခွင့်ပြုရန်ပုံငွေကျပ် သန်းပေါင်း ၆၂၃၄၃ ဒသမ ၇၆၃ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ လုပ်ငန်းအားလုံး၏ ပျမ်းမျှ ၇၂ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)