နေပြည်တော် ဧပြီ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၅/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စီမံ ခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁)မှတ်တမ်းကို အတည်ပြု သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား ရာတွင် အစိုးရတစ်ရပ်သည် နိုင်ငံတော်၏ဖွံဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရသော အဓိက ကျသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရှိပြီး သဘောထား ကွဲလွဲမှုများ ရှိခြင်းကြောင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက် နေကြောင်း၊ တိုင်းရင်းသားများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၏ စုစည်းသည့်အင်အား ရရှိအောင်လည်း ဆောင်ရွက် ရန်လိုကြောင်း၊ ထို့ကြောင့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံး ညီညွတ်ရေး အတွက် ဖွဲ့စည်းပေးထားသည့် သက်ဆိုင်ရာကော်မတီများအလိုက် ထည့်သွင်း စဉ်းစားဆောင်ရွက်ကြရန် လိုကြောင်း၊ စီးပွားရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေး ကောင်းမွန်မှ သာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် မည်ဖြစ်ကြောင်း။
စီးပွားရေးကောင်းမွန်ရေးနှင့်ပတ်သက်၍ ဈေးကွက်ရရှိမည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် တင်ပို့ရောင်းချ နိုင်ရန်လိုအပ်သဖြင့် စနစ်ကျသည့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ ဈေနှုန်း မှန်ကန်စွာရရှိရန်အတွက် ထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ရန်လိုကြောင်း၊ ထို့အပြင် ထုတ်ကုန်ပစ္စည်းများအား အဆင့်ဆင့်ရောင်းချခြင်းများကို တက်နိုင်သမျှ လျှော့ချရန် လိုကြောင်း၊ ကုန်ထုတ်လုပ်သူများနှင့် တောင်သူများအနေဖြင့် ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချ နိုင်မှသာ ကုန်ဈေးနှုန်းကိုထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေး တိုးတက်လာမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့သက်ဆိုင်သည့် ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ၏ ပကတိအခြေအနေများနှင့် ချိန်ထိုးစဉ်းစား၍ နိုင်ငံ့ဘဏ္ဍာငွေများ အလေအလွင့် မဖြစ်ပေါ်စေရေး ဆောင်ရွက်ကြ စေလိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။
စားနပ်ရိက္ခာပေါများရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက် ပေးရသည်များနှင့် အားပေး ဆောင်ရွက်ပေးနေမှုများရှိကြောင်း၊ မြစ်ချောင်းများအတွင်း ငါးသယံ ဇာတပေါများစေရေးနှင့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမျှရှိနေသော ကျေးလက်နေပြည်သူများ လူနေမှုဘဝမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို အားပေးဆောင်ရွက်ခြင်း များပြုလုပ်ပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် ဒေသခံတောင်သူများအား အားပေးကူညီဆောင်ရွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ အာပေးကူညီမှုများရှိမှသာ လုပ်ငန်းများအောင်မြင်ဖြစ်ထွန်း လာမည်ဖြစ်ကြောင်း၊ နိုင်ငံ၏စားရေရိက္ခာပေါများရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် မိမိတို့ကိုယ်တိုင် ကွင်းဆင်း ဆောင်ရွက်သကဲ့သို့ မိမိတို့လက်အောက်ကိုလည်း လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး တွန်းအား ပေးဆောင်ရွက်သွားရန် လိုကြောင်း။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူသား အရင်းအမြစ်များ ရှိရန်လိုကြောင်း၊ ထို့ကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းနှင့် မူးယစ်ဆေးဝါး သုံးစွဲမှု များကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ဝင်ငွေနှင့်မျှတသည့် အာဟာရပြည့်ဝသော အစား သောက်များ စားသုံးနိုင်ရန် အတွက် စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျန်းမာရေးကို အထောက် အကူဖြစ် စေမည့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းများကို အားပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်း သက်တမ်း သည် ၆၆ နှစ်ခန့်သာရှိသဖြင့် အခြားနိုင်ငံများထက် လျော့နည်းလျက် ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးရန် လိုကြောင်း၊ ယခုအခါ အိန္ဒိယနိုင်ငံအပါအဝင် အခြားနိုင်ငံအချို့တွင်လည်း COVID-19 ရောဂါကူးစက်မှုများ မြင့်မား လျက်ရှိသဖြင့် မိမိတို့ အနေဖြင့်လည်း COVID-19 ရောဂါကာကွယ်ရေးအတွက် အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် မိမိတို့အနေဖြင့် ဖြည့်ဆည်းပေး နိုင်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့အပြင် ကျန်းမာရေးနှင့် ပတ်သက်၍ ပညာပေးခြင်း လုပ်ငန်းများ ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန်လိုကြောင်း။
အားကစားကဏ္ဍနှင့်ပတ်သက်၍ အားကစားများပြုလုပ်မှသာ ကျန်းမာကြံ့ခိုင်မှု ရှိမည် ဖြစ်ကြောင်း၊ အလွယ်ကူဆုံး အားကစားနည်းနှစ်ခုမှာ လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှစ၍ အားကစားအောင်မြင်မှု များသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း များစွာကျဆင်းခဲ့ကြောင်း၊ အားကစားပြိုင်ပွဲများပြုလုပ် ခြင်းသည် စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ အားကစားနှင့် ပတ်သက် ၍ မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် အားပေးဆောင်ရွက်ခြင်းဖြင့် အားကစားကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားသည် နိုင်ငံတော်အတွက် အားပေး ဆောင်ရွက်ကြ ရမည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများပြုလုပ်ရာတွင် ကစားကွင်းများကောင်းမွန်ရေးသည်လည်း အဓိကကျသဖြင့် လိုအပ်သည့် အားကစားကွင်းများ၊ အားကစားရုံများ ကောင်းမွန်ရေး ဖြည့်ဆည်း ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း။
ပညာရေးနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတိုင်းသည် ပညာရေးကဏ္ဍအား အပြည့်အဝ အားပေး ဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့်မိမိတို့ နိုင်ငံ၏ ပညာရေးမြင့်မားရေးအတွက် အားပေးဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများအတွက် ၎င်းတို့ပညာအရည်အချင်းနှင့် ကိုက်ညီသည့် ခံစားခွင့် များရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ် သဖြင့် နည်းလမ်းရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ တက္ကသိုလ် အဆင့်များကို မေလဆန်း တွင်ဖွင့်လှစ်နိုင်ရန်နှင့် အခြေခံပညာကျောင်းများအား ဇွန်လဆန်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာအတွက် ဆရာ၊ ဆရာမများကို သင်ကြားမှု သင်ယူမှု အထောက် အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးကဏ္ဍတွင် စိုက်ပျိုး မွေးမြူရေးပညာရှင်များ ပိုမို မွေးထုတ်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိသည့်အပြင် ဥပဒေပိုင်း ဆိုင်ရာ နား လည်တတ်ကျွမ်းသူများ များပြားလာစေရေးအတွက်လည်း တက္ကသိုလ်များတွင် ဥပဒေဘာသာ ရပ်များ ထည့်သွင်းသင်ကြားနိုင်ရေး စီမံဆောင်ရွက်သွားစေလိုကြောင်း၊ တက္ကသိုလ်ပညာရပ်များ သင်ကြားချိန်တွင် စီးပွားရေးနှင့်ပတ်သက်သည့် ပညာရပ်များကိုလည်း အထူးပြုသင်ကြား နိုင်ရေး အားပေး ဆောင်ရွက် သွားစေလိုကြောင်း၊ သို့မှသာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ အထောက်အကူပြုနိုင် မည်ဖြစ် ကြောင်း။
ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ CDM ပြုလုပ်မှုနှင့် ပတ်သက်၍ ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ အချို့ဝန်ထမ်း များသည် ၎င်းတို့အနေဖြင့် CDM တွင် ပါဝင်မှုမရှိပါက Social Punishment ပြုလုပ်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ မိမိတို့ တာဝန်ပျက်ကွက် ခဲ့မှုများ ကြောင့် အရေးယူခံရမည်ကို ကြောက်ရွံ့ခြင်း များကြောင့် တာဝန်ထမ်းဆောင်မှုများကို ဆက်လက် ပျက်ကွက်လျက်ရှိကြ ကြောင်း၊ ကိုယ်တိုင်ဦးဆောင်လှုံ့ဆော်မှုများတွင် မပါဝင်သည့် ဝန်ထမ်းများအား ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထိုက်သင့်သည့် အရေးယူမှုကိုသာ ဆောင်ရွက်မည်ဖြစ်ပြီး အလုပ်မှ ထုတ်ပယ် သည်အထိ အရေးယူဆောင်ရွက်မည်မဟုတ်ကြောင်း၊ ဝန်ထမ်းများအား CDM ပြုလုပ်ရန် ခြိမ်းခြောက် နေသူ များအား သတင်းပို့တိုင်ကြားရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ အား ထုတ်ပြန်ထားပြီး ခြိမ်းခြောက် သူများကို ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ CDM ပြုလုပ်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်း များနှင့် ပညာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့လုပ်ငန်းခွင်သို့ အမြန်ဆုံးပြန်လည်ဝင်ရောက် တာဝန် ထမ်းဆောင် ပါက နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးရလဒ်များရရှိမည်ဖြစ်သဖြင့် ဝမ်းမြောက် ဝမ်းသာဖြင့် ကြိုဆိုပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက် ရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက ဆောင်ရွက်မည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးရေး(ပန်းခင်းစီမံချက်)ကို အလေး ထားကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးမှာ အရေးကြီးကြောင်း၊ ရသင့်ရထိုက် သည့် နိုင်ငံသား၊ တိုင်းရင်းသားများ အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် သတ်မှတ်ထားသည့် စီမံချက်ကာလ အတွင်း အပြီးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် နိုင်ငံသား စိစစ်ရေးကတ်မရှိဘဲ ဆန္ဒမဲပေးခဲ့သည့်ဦးရေ ၄ ဒသမ ၆ သန်းရှိသည်ကို စိစစ်တွေ့ရှိကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူနိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများရရှိရေး ဦးစားပေး ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်တွင် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးရမည့် ဦးရေ ၃ ဒသမ ၈ သန်းကျော်ရှိပြီး စီမံချက်ကာလ ၁၈ လ ကြာမြင့်မည်ဖြစ် ကြောင်း၊ ယခုဆောင်ရွက်မည့် ပန်းခင်းစီမံချက်နှင့်စပ်လျဉ်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်မည့်သူများအား သွေးအုပ်စု ခွဲခြင်းလုပ်ငန်းကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနတို့က ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် စီမံအုပ်ချုပ်ရေးကောင်စီအဆင့်ဆင့်က ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။
စီးပွားရေးလုပ်ငန်းများဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များရှိကြောင်း၊ ချေးငွေ၊ ထောက်ပံ့ငွေများဖြင့် ဆောင်ရွက် သည့်လုပ်ငန်းများရှိပြီး ပြည်ပနိုင်ငံများမှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများနှင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများရှိကြောင်း၊ ယင်းကိစ္စ များ နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးရာတွင် အစိုးရနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ခွဲခြားနားလည်စေရန် ရှင်းလင်း ပြောကြားစေလိုကြောင်း။
ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု နှောင့်နှေးမှုမရှိစေရန်အတွက် မကြာမီ ကာလအတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရန်လိုကြောင်း၊ အနာဂတ်တွင် ပညာတတ်များရှိရန် လိုအပ် သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက အပြည့်အဝ ပူးပေါင်း ကူညီဆောင် ရွက်ကြရန် ထပ်မံတိုက်တွန်း လိုကြောင်းဖြင့် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။