နေပြည်တော် ဧပြီ ၂၂
မြန်မာနိုင်ငံအနေဖြင့် ပိုးသတ်ဆေး၊ မြေဩဇာ၊ မျိုးစေ့များ ထပ်မံ တင်သွင်း ဖြန့်ဖြူး နိုင်သော အလားအလာ နှင့် အခွင့် အလမ်းများ များစွာရှိနေသည့် အားသာချက်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တောင်သူများအတွက် အရည် အသွေး ကောင်းပြီး၊ ဈေးနှုန်းသင့်တင့်သော စိုက်ပျိုးရေးသွင်း အားစုများ ရရှိသုံးစွဲနိုင်ရေးကို အလေးထားပြီး စိုက်ပျိုး ရေး သွင်းအားစုများ စီးပွားဖြစ်ဆောင်ရွက် နေကြသည့် ကုမ္ပဏီများအတွက်လည်း မျှတသော အကျိုး အမြတ်ရရှိရန် ဖန်တီးဖော်ဆောင် နိုင်မှသာ ရေရှည်တည်တံ့သည့် စီးပွားရေး ကွင်းဆက်တစ်ခုကို တည်ဆောက် နိုင်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည့် စိုက်ပျိုးရေး သွင်းအား စုများ အရည်အသွေးပြည့်မီစွာဖြင့် ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရေးနှင့် စိုက်ပျိုး ရာသီအမီတင်သွင်း ဖြန့်ဖြူး နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ မြေဩဇာ၊ ပိုးသတ်ဆေး သုံးစွဲမှု၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ သုံးစွဲမှု ပမာဏမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါကအလွန်နည်းပါး လျက်ရှိရာ ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ FAO-Stat website တွင် ဖော်ပြထားချက် အရ ၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံ ၌ ပိုးသတ် ဆေး တန်ချိန် (၃)ထောင်ကျော် သုံးစွဲခဲ့ပြီး ထိုင်းနိုင်ငံ က တန်ချိန်(၃)သောင်းကျော်၊ ဗီယက်နမ်နိုင်ငံ က တန်ချိန် (၂)သောင်းကျော် သုံးစွဲခဲ့ကြောင်း၊ မြန်မာ နိုင်ငံတွင် ယူရီးယားမြေဩဇာ တန်ချိန်(၁) သိန်း(၈)သောင်းကျော် သုံးစွဲ ခဲ့ပြီး ထိုင်းနိုင်ငံ၌ တန်ချိန် (၁၈)သိန်းကျော်၊ ဗီယက်နမ်နိုင်ငံ ၌ တန်ချိန် (၁၄)သိန်းကျော် သုံးစွဲခဲ့ကြောင်း၊ မျိုးစေ့ ကဏ္ဍအနေဖြင့် လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံ တွင် ဟင်းသီးဟင်းရွက် တစ်ဟက်တာ အတွက် မျိုးစေ့ ဖိုးသုံးစွဲငွေ (၁၆)ဒေါ်လာသာ ရှိနေချိန်တွင် ထိုင်းနိုင်ငံ၌(၁၁၇) ဒေါ်လာ၊ ဗီယက်နမ် နိုင်ငံက (၅၉) ဒေါ်လာ သုံးစွဲနေ သည့် တွေ့ရှိချက်များအရ မိမိတို့နိုင်ငံ၏ ပိုးသတ်ဆေး၊ မြေဩဇာ၊ မျိုးစေ့များ ထပ်မံ တင်သွင်း ဖြန့်ဖြူး နိုင်သော အလားအလာ နှင့် အခွင့်အလမ်းများ များစွာရှိနေသည့် အားသာချက်ကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အရည်အသွေးကောင်း စိုက်ပျိုးရေး သွင်းအားစုများကို တောင်သူများ အကျိုးရှိစွာ သုံးစွဲနိုင် ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနက တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ စိစစ်ကြပ်မတ်ခြင်း၊ စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ ၏ တင်သွင်း တင်ပို့မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုလွယ်ကူ လျင်မြန်စွာ ဆောင်ရွက် နိုင်ကြစေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်၊ ငွေကြေးနှင့်အချိန် ကုန်ကျမှုသက်သာ စေရန် တို့ အတွက် ကြိုးပမ်း စီမံဆောင်ရွက် ပေးလျက်ရှိရာ ယခုအခါ မျိုးစေ့ ၊ မြေဩဇာ၊ ပိုးသတ် ဆေး စသည့် စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ တင်သွင်း တင်ပို့ခြင်း ဆိုင်ရာ ထောက်ခံချက်များကို Myanamar Agricultural Inputs Registration System (MAIRS) စနစ်ဖြင့် online မှ အလွယ်တကူ လျှောက်ထား နိုင်ပြီဖြစ်ပါ ကြောင်း၊ အဆိုပါ online စနစ်၏ အားသာချက်၊ အားနည်းချက်များ ကိုလည်း ယနေ့အစည်းအဝေး တွင် ကုမ္ပဏီများဘက်က သုံးသပ် ဆွေးနွေးပေးကြစေလိုကြောင်း၊ မှတ်ပုံတင်ခြင်း၊ အသိအမှတ် ပြုလက်မှတ်များ လျှောက်ထားခြင်းကိုလည်း မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး ဆိုင်ရာ နည်းပညာ အဆင့် နှင့် အမျိုးသားအဆင့် ကော်မတီ အစည်းအဝေးများ တွင် MAIRS online စနစ် အသုံးပြုပြီး လုပ်ငန်းစဉ် တစ်ခု လုံး၌ အွန်လိုင်း စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ဆွေးနွေး ပြောကြား သည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများ က စိုက်ပျိုးရေးသွင်းအားစုများ စိုက်ပျိုး ရာသီအမီ တင်သွင်း၊ ဖြန့်ဖြူးနိုင်ရေး နှင့် အရည်အသွေး ပြည့်မီစွာ အသုံးပြုနိုင်ရေး၊ ဈေးနှုန်းသင့် တင့်မျှတစွာ ဝယ်ယူ အသုံးပြုနိုင်ရေး အတွက် ကြိုတင်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဓါတ်မြေဩဇာ နှင့် ပိုးသတ်ဆေးများကို ပြည်ပမှ တိုက်ရိုက် တင်သွင်းခြင်း၊ ပြည်တွင်းထုတ်လုပ်မှု အတွက် ကုန်ကြမ်း တင်သွင်းခြင်းလုပ်ငန်းများအတွက် နိုင်ငံခြားငွေ အချိန်မီ လဲလှယ်ရရှိရေး နှင့် လျင်မြန်စွာပြောင်း လဲနေသော ငွေကြေးလဲလှယ်မှုနှုန်းထားသက်သာစေရေးအတွက် နိုင်ငံတော် မှ ကူညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ သက်ဆိုင်ရာဌာနများ နှင့် အသင်းအဖွဲ့များ လုပ်ငန်းရှင်များ အကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ MAIRS စနစ်ဖြင့် online လုပ်ငန်းစဉ် အသုံးပြုဆောင်ရွက်မှု အတွေ့ အကြုံများကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့် စိုက်ပျိုးရေး သွင်းအား စုကုမ္ပဏီများမှ ကိုယ်စားလှယ် (၃၈)ဦးတို့ ပါဝင်တက်ရောက်ကြသည်။
လယ်ယာကဏ္ဍတွင် အသုံးပြုရန် ပြည်ပမှ ဝယ်ယူတင်သွင်းမှုအနေဖြင့် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ယူရီးယား တန် ၆၇၀၀၀၀ ၊ ပိုးသတ်ဆေး တန် ၁၆၀၀၀ နှင့် မျိုးစေ့ တန် ၅၀၀၀ တင်သွင်း ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ပြီးသော ပိုးသတ် ဆေးကုမ္ပဏီ ၃၇၇ ခု ၊ ရာနှုန်းပြည့်နိုင်ငံခြား သားရင်းနှီးမြုပ်နှံမှုဖြင့်ဆောင်ရွက်နေသော ပိုးသတ်ဆေး ကုမ္ပဏီ ၅ ခု ၊ ပြည်တွင်းတွင် ပိုးသတ်ဆေး ဖော်စပ် ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီ ၂၂၂ ခု ၊ ပြည်တွင်းတွင် ပိုးသတ်ဆေးပြန်လည်ထုပ်ပိုးရောင်းချနေသော ကုမ္ပဏီ ၄ ခု၊ မှတ်ပုံတင်ခွင့် ပြုပြီးသော ဓါတ်မြေဩဇာ ကုမ္ပဏီ ၆၃၇ ခု၊ ရာနှုန်းပြည့်နိုင်ငံခြားသား ရင်းနှီးမြုပ်နှံ မှုဖြင့် ဆောင်ရွက် နေသော ဓါတ်မြေဩဇာ ကုမ္ပဏီ ၈ ခု ရှိကြောင်း သိရသည်။
(သတင်းစဉ်)