Skip to main content

နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီးများတွင် ဆေးရုံလုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ဧပြီ ၂၀

နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၏ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ အခြားအထူးကုဆေးရုံကြီးများနှင့် ပြည်သူ့ဆေးရုံကြီးများ၏ ဆေးကုသရေးလုပ်ငန်းများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက နေပြည်တော်ရှိပြည်သူ့ဆေးရုံကြီးများသည် လူနာများ အထူး မှီခို အားထားနေရသည့် ဆေးရုံကြီးများဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် အားလျော်စွာ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) အနေဖြင့် စံပြဆေးရုံကြီးတစ်ရုံ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်အနီးတဝိုက်သာမက မြန်မာနိုင်ငံဒေသ အနှံ့အပြားမှ လာရောက်ပြသလေ့ရှိကြသဖြင့် နေပြည်တော်ရှိ ပြည်သူ့ဆေးရုံ ကြီးများ၏ ဆေးကုသရေးလုပ်ငန်းများ ပုံမှန်အတိုင်း အင်အားအပြည့် ပြန်လည် လည်ပတ်နိုင်ရေးမှာ နိုင်ငံသားများအတွက် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူများ အတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြသည့် အစဉ်အလာရှိပါကြောင်း။

ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံများ၌ ပုံမှန် ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် လူနာများလိုအပ်သည့် ဆေးကုသမှုမခံယူနိုင်ခြင်း၊ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များတွင် သွားရောက်ပြသရခြင်း၊ ဝေးလံသောနေရာများသို့ သွားရောက် ပြသရခြင်း စသည့် အခက်အခဲများကို ပြည်သူများ တွေ့ကြုံနေကြရကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာရေးစောင့်ရှောက် မှုပေးရန် ဌာနရန်ပုံငွေများ ခွင့်ပြုထားသော်လည်း ပြည်သူ့ဆေးရုံများတွင် ဆေးရုံလုပ်ငန်း ပုံမှန် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ပြည်သူများအနေဖြင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုရရှိရန် ၎င်းတို့၏ငွေကြေးကျခံသုံးစွဲနေရပါကြောင်း၊ မိမိတို့ ကျန်းမာရေးဝန်ထမ်းများ သည် ပြည်သူများအကျိုးအတွက် ဆောင်ရွက်နေကြခြင်းဖြစ်သဖြင့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရေး တတ်နိုင်သမျှ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ Professional ကောင်းပီသစွာ လူနာအကျိုးကိုရှေးရှု၍ လုပ်ငန်းများဆောင်ရွက်ကြရန် တက်ရောက်လာကြသည့် ဆေးရုံအုပ်ကြီး များ၊ အထူးကုဆရာဝန်ကြီးများအနေဖြင့် မိမိကိုယ်တိုင်မှစ၍ ကိုယ့်တာဝန်ကိုယ်ကျေပွန်စွာ ဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ မိမိတို့၏ Professional အလိုက် ကျင့်ဝတ်များကို လိုက်နာကာ ဆင်းရဲချမ်းသာမရွေး၊ ကျားမ၊ ရန်သူမိတ်ဆွေ မခွဲခြားဘဲ ကုသပေး ကြရမည်ဖြစ်ပါကြောင်း၊ ကျင့်ဝတ်အတိုင်း လိုက်နာဆောင်ရွက်ပါက ကောင်းကျိုးမင်္ဂလာ အဖြာဖြာ နှင့် ပြည့်စုံမည်ဟုဆရာဝန်အဓိဌာန်ပြုကတိသစ္စာတွင်ပါရှိကြောင်း၊ ဆေးရုံ လုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်ရေး ရှိသည့် အင်အားဖြင့် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေ သည်ကို တွေ့ရှိရပြီး ယခုထက်ပိုမို၍ အင်အားပြည့်ဆောင်ရွက်ပေးနိုင်ရေး ဆက်လက် ကြိုးစားပေးစေလိုပါကြောင်း။

ပြည်သူ့ဆေးရုံများ အတွက် ဆေးဝါးဝယ်ယူရန် ငွေကျပ် ဘီလီယံ (၃၀၀) လျာထားခဲ့သဖြင့် ဆေးရုံလုပ်ငန်း လိုအပ်ချက်နှင့်အညီ လိုအပ်သော ‌ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များကို ကန်ထရိုက်စနစ်ဖြင့် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ထမ်းများ ရသင့်သော ထောက်ပံ့ငွေများ တိုးမြှင့် ရရှိစေရေး ဆောင်ရွက်လျက်ရှိရာ ညတာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ထောက်ပံ့ပေးမည့် ညစာ စားစရိတ်ကို မကြာမီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ရရှိထားသော ဘွဲ့အလိုက် လစဉ် ချီးမြှင့်ငွေ များရရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဆက်လက်၍ ကိုယ်ခန္ဓာထိခိုက်မှုရှိနိုင်သည့် ဘေးအန္တရာယ် ယူကာ ရောဂါ ရှာဖွေရေး၊ ဆေးကုသရေး ဆောင်ရွက်နေကြရသည့် ကျန်းမာရေး ဝန်ထမ်းများ အတွက် Risk Allowance ကဲ့သို့ ချီးမြှင့်ငွေများ ရရှိစေရေး ဆက်လက်စီစဉ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ၂၀၂၁-ခုနှစ်၊ မတ်လအတွင်း ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ပြန်လည် များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဓာတ်ခွဲစစ်ဆေးနိုင်သည့် စက်ပစ္စည်းများ ဖြည့်ဆည်း ခဲ့သော်လည်း လက်ရှိဝန်ထမ်းအခြေအနေကြောင့် ဓာတ်ခွဲစစ်ဆေးမှုများ အားနည်းနေသဖြင့် ရောဂါ ဖြစ်ပွားမှုကို မှန်းဆရန် ခက်ခဲနေကြောင်း၊ သို့ရာတွင် ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ လေကြောင်းခရီးသွားလာမှုများ အပါအဝင် လုပ်ငန်းများ ပြန်လည် လည်ပတ်‌ဆောင်ရွက်ရာ၌ လိုအပ်သည့် လုပ်ငန်းလမ်းညွှန်များ ပြုစုပေးခြင်း၊ နေ့စဉ် လူနာစာရင်း ထုတ်ပြန်ခြင်း၊ Stay at Home မြို့နယ်များ ဖြေလျှော့ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ပုံမှန်လုပ်ငန်း လည်ပတ်နိုင်ရေး ဖြေလျှော့မှုများ ဆောင်ရွက် ထားသဖြင့် ပြည်သူလူထုအနေဖြင့် သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာရန်မှာ ပိုအရေးကြီးလာပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့ရာ First Dose ကို လူပေါင်း တစ်သန်း ခုနစ်သိန်း အထိ ထိုးနှံပြီး ဖြစ်ပါကြောင်း၊ သုတေသန တွေ့ရှိချက်များအရ ကာကွယ်ဆေးထိုးထားသူများတွင် ရောဂါ ဖြစ်ပွားမှု ကာကွယ်နိုင် သလို ဖြစ်ပွားသူများတွင်လည်း ရောဂါပြင်းထန်မှု နည်းပါးသည်ကို တွေ့ရှိရပါကြောင်း။

နောက်တစ်ကြိမ် COVID-19 wave ဖြစ်ပွားမှုမရှိစေရေး ကာကွယ်ဆေးထိုးခြင်းကို ဆက်လက် ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ရာ အားလုံး ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြည်သူများ အနေဖြင့်လည်း ကာကွယ်ဆေး ထိုးနှံမှုလာရောက်ခံယူကြသည်ကို တွေ့ရှိရပါကြောင်း၊ ရောဂါ ဖြစ်ပွားပါက ကျန်းမာရေးဝန်ထမ်းများ သည် ကူးစက်မှု ခံရနိုင်ဆုံးသူများ ဖြစ်သဖြင့် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားစေလိုပါကြောင်း၊ ရောဂါဖြစ်ပွားပါက လိုအပ်နိုင်သည့် PPE အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ အလုံအလောက် အသင့်ပြင်ဆင်ထားရှိပါကြောင်း၊ တက်ရောက်လာကြ သည့် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများသည် ပြည်သူများ အားကိုးအား ထားရာ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ရုံသာမက မိမိတို့၏ လုပ်ဖော် ကိုင်ဖက်ဆရာဝန်အငယ်များ၊ သူနာပြုများ၊ ကျွမ်းကျင်ပညာရှင်များ၊ အခြားလက်အောက်ငယ်သား များအတွက် အနန္တဂိုဏ်းဝင် ဆရာများလည်း ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့်အညီ နေထိုင်ရန် လိုအပ်သကဲ့သို့ ဆရာများအဖြစ်လည်း ဆရာ့ကျင့်ဝတ် ကျေပွန်ရန်လိုအပ်ပါကြောင်း၊ လုပ်ဖော်ကိုင်ဖက်များကို ဘေးရန်ဆီးကာပေးရန် လိုအပ်ပြီး လမ်းမှားရောက်နေသူများကို စည်းရုံး ခေါ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ပြန်လည်ဝင်ရောက်လာမည့် ဝန်ထမ်းများ အားလုံးကို လက်ကမ်းကြိုဆို နေပါကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်ဝင်ရောက်ရန် အခက်အခဲဖြစ်ပါက ဖြေရှင်းဆောင်ရွက် ပေးနိုင်ရန် Call Center ကို ၂၀၂၁-ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ဖွင့်လှစ် ပေးထားပါကြောင်း၊ မိမိတို့အားလုံး ပူးပေါင်း ဆောင်ရွက်ကာ အချင်းချင်း စည်းလုံး ညီညွတ်သောအားဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စိတ်တိုင်းမကျသည့် အခြေအနေများကို အကြောင်းပြ၍ လုပ်ငန်းခွင်သို့ ဝင်ရောက် ထမ်းဆောင်မှုမရှိသည့် အမွေဆိုးကို နောင်မျိုးဆက်သစ်များအား မပေးအပ်စေလိုပါကြောင်း၊ ဝန်ထမ်းစည်းကမ်းနှင့်အညီနေထိုင်ခြင်း၊ ကျင့်ဝတ်များ လိုက်နာ ကျင့်သုံးခြင်းသည် ဘေးအန္တရာယ် အကင်းရှင်းဆုံးဖြစ်ပါကြောင်း ပြောကြား သည်။

ထို့နောက် ဘာသာရပ်အလိုက် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ တင်ပြချက်များ အပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)