Skip to main content

မဟာသင်္ကြန်(အကြတ်နေ့) တွင် နေပြည်တော်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားကြ၍ အတာရေသဘင်ပွဲ ဆင်နွှဲ

နေပြည်တော် ဧပြီ ၁၅ ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက် (၁၃၈၂ ခု တန်ခူးလဆန်း ၄ ရက်) မြန်မာ့ရိုးရာမဟာသင်္ကြန် (အကြတ်နေ့) တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ရေပက်ခံကားများ၊ ရေပက်ခံထွက်ကြသူများ၊ စတုဒိသာ ကျွေးမွေး အလှူဒါနပြုကြသူများနှင့် ကုသိုလ်ကောင်းမှုပြုသူများကို တွေ့ရသည်။ ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဓာတုစယဓာတ်ပေါင်းစု စေတီတော်၊ လှေခွင်းတောင်တန်ခိုးကြီးဘုရား၊ အခြားတန်ခိုးကြီး ဘုရားကျောင်းကန်များနှင့် တရားစခန်း များတွင် တရား ဘာဝနာ ပွားများအားထုတ်ကြသူများနှင့် သီတင်းသီလဆောက်တည်ကြသူများလည်း များပြားခဲ့သည်။ ထို့ပြင် နေပြည်တော်အတွင်းရှိ အထင်ကရနေရာများဖြစ်သည့် ဇေယျာသီရိမြို့နယ်ရှိ လှေခွင်းတောင် ကမ်းခြေ အပန်းဖြေစခန်း၊ ကျည်တောင်ရေဆိပ် ပျဉ်းမနားမြို့နယ်ရှိ အဝေရကမ်းခြေ ရေကစား အပန်းဖြေစခန်း၊ ပေါင်းလောင်း ရေလွှဲဆည်တို့တွင်လည်း အနယ်နယ် အရပ်ရပ်မှ လာရောက်အပန်းဖြေအနားယူကြသူများဖြင့် စည်ကား လျက်ရှိသည်။ လှည့်ကင်းများဖြင့် စောင့်ရှောက် ထိုသို့ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင် စွာ အနား ယူအပန်းဖြေနိုင်စေရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ခြင်း မရှိစေ ရန် စစ်ဆေးခြင်း၊ အပန်းဖြေစခန်းများတွင် လာရောက်အပန်းဖြေကြသူများ အန္တရာယ် မရှိစေရေးအတွက် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက သတိပေးနှိုးဆော်ခြင်းများနှင့် လှည့်ကင်းများဖြင့်စောင့်ရှောက်မှုပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။ လာရောက်အနားယူအပန်းဖြေ အဝေရာအပန်းဖြေစခန်းသို့ လာရောက်အနားယူ အပန်းဖြေသူ လူငယ်တစ်ဦးက “သူငယ်ချင်းတွေနဲ့ လာရောက်အပန်းဖြေ အနားယူ ခြင်းဖြစ်ပါတယ်။ အပန်းဖြေစခန်းမှာလည်း လူငယ်တွေအပြင် အရွယ်စုံ လာရောက်အပန်းဖြေအနားယူတာ တွေ့ရပါတယ်။ လာရောက် အပန်းဖြေသူအားလုံးက တစ်ဦးနဲ့တစ်ဦး ရင်းနှီး ချစ်ခင်စွာနဲ့ အပန်းဖြေ ကြတာတွေ့ရပါတယ်။ သင်္ကြန်ဆိုတာက တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရွှင် ရတဲ့ မြန်မာ့ရိုးရာပွဲတော်ဖြစ်တဲ့အတွက် ပါဝင်ဆင်နွှဲရတာ စိတ်ကြည်နူး မိပါတယ်။ ပြည်သူတွေအားလုံးလည်း နေပြည်တော်က အထင်ကရ အပန်းဖြေစခန်းတွေကို လာရောက်အနားယူအပန်းဖြေဖို့ ဖိတ်ခေါ် ပါတယ်” ဟု ပြောသည်။ မဏ္ဍပ်ငယ်များ ဆောက်လုပ် ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ အတွင်း၌လည်း မဏ္ဍပ်ငယ်များ ဆောက်လုပ်၍ ရေပက်ကြသူများ၊ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့် လည်ပတ်ရေပက်ခံ ရေကစားကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်း ကြသူများနှင့် လမ်းလျှောက်ရေပက်ခံ ကစားကြသူများကို တွေ့မြင် ခဲ့ရသည်။ သတင်းနိုင်အောင်၊ ဓာတ်ပုံ-ကိုဆွေ