နေပြည်တော်၊ ဧပြီ ၁၅
နိုင်ငံတော်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သဖြင့် အမှုဖွင့်လှစ်ခံထားရသူများဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း(ခ)ဌေးလွင်နှင့် အဆိုတော်သရုပ်ဆောင် ပိုပို(ခ)ဝတ်ရည်မိုးတို့ ၂ ဦးကို ၎င်းတို့၏နေအိမ်များ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၅ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုင်ငံတော် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူများနှင့် လှုံ့ဆော်မှုများတွင် ပါဝင်ပတ်သက်သူ များအား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ တောင်ဥက္ကလာပမြို့မရဲစခန်း၌ မတ် ၁၂ ရက်တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်လှစ်ခံထားရသည့် တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၂)ရပ်ကွက်၊ ယင်းမာ လမ်း၊ အမှတ်(၁၃၄/၂)နေ အဆိုတော်သရုပ်ဆောင် ပိုပို(ခ)ဝတ်ရည်မိုးကို မွန်းလွဲ ၃ နာရီတွင် ၎င်း၏နေအိမ်၌ Military Coup End စသည့် စာသားပါ ဆန့်ကျင်စာသား များ ရေးသားထားသော ကတ်ထူ ဆိုင်းဘုတ်များ၊ ဖိုက်ဘာဦးထုပ် ၃ လုံး၊ မီးခိုးကာမျက်မှန် ၁ ခု၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အလားတူ ဗဟန်းမြို့မရဲစခန်း၌ မတ် ၁၂ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံထားရသည့် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်မွန်အိမ်ယာ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်၊ အမှတ်(၁၀၃)၊ တိုက် ဘီနေ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း(ခ)ဌေးလွင်ကို ညနေ ၅ နာရီ မိနစ် ၂၀ တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း(ခ)ဌေးလွင်နှင့် အဆိုတော်သရုပ်ဆောင် ပိုပို(ခ)ဝတ်ရည်မိုးတို့ ၂ ဦးကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)