Skip to main content

မဟာသင်္ကြန်(အကျနေ့)တွင် နေပြည်တော်၌ အေးချမ်း ပျော် ရွင်စွာ ရေကစားကြသူများ၊ အပန်းဖြေ စခန်း များ၌ လာရောက်အပန်းဖြေသူများဖြင့်စည်ကား

နေပြည်တော် ဧပြီ ၁၄


၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက် (၁၃၈၂ ခု တန်ခူးလဆန်း ၃ ရက်) မြန်မာ့ရိုးရာ မဟာ သင်္ကြန် (အကျနေ့)တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ် ကောင်းမှုပြု ကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများ၊ အေးချမ်းပျော်ရွင် စွာရေကစား ကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် စည်ကား လျက်ရှိသည်။
ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဓာတုဇယ ဓာတ်ပေါင်းစု စေတီတော်၊ လှေခွင်းတောင်ဘုရား၊ အခြားတန်ခိုးကြီးဘုရားများနှင့် ဘုန်း တော်ကြီး ကျောင်းများတွင် တရားဘာဝနာပွားများအားထုတ်ကြသူများ၊ သီတင်းသီလ ဆောက် တည်ကြ သူများနှင့် ဘုရား ရေသပ္ပါယ်ကြသူများလည်း များပြားခဲ့သည်။
    ထို့ပြင် နေပြည်တော်အတွင်းရှိ အထင်ကရနေရာများဖြစ်သည့်  ဇေယျာသီရိမြို့နယ် ကျည်တောင် ကျေးရွာအုပ်စုအတွင်းရှိ လှေခွင်းတောင်ကမ်းခြေ အပန်းဖြေစခန်း၊ ကျည်တောင် ရေ ဆိပ်နှင့် အဝေရာဆည်တို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေအနားယူ ကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
    ထိုသို့ မဟာသင်္ကြန်ကာလအတွင်း အပန်းဖြေကမ်းခြေစခန်းများတွင် ပြည်သူများ စိတ်လက်ချမ်းသာ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေ နိုင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းအဖွဲ့များ ဖွဲ့စည်း၍ လှည့်ကင်းများဖြင့် စောင့်ရှောက်မှုပေးခြင်း၊ အပန်းဖြေအနားယူ နေကြစဉ်အတွင်း အန္တရာယ်မရှိစေရေးအတွက် သတိပေးနှိုးဆော်ခြင်းများ ကိုလည်း ဆောင်ရွက်လျက်ရှိ သည်။
    လှေခွင်းတောင်ကမ်းခြေအပန်းဖြေစခန်းသို့ လာရောက်အနားယူ အပန်းဖြေသူတစ်ဦးက “ပျဉ်းမနားမြို့ကနေ လာရောက်အနားယူ အပန်းဖြေတာပါ။ လှေခွင်းတောင်ကမ်းခြေမှာ လာရောက် အပန်း ဖြေကြတဲ့သူတွေ များပြားတဲ့အတွက် ဝမ်းသားကြည်နူးမိပါတယ်။ ကျွန်တော် က ဝန်ထမ်း ဆိုတော့ အခုလိုရုံးပိတ်ရက်တွေမှာ မိသားစုနဲ့အတူ အပန်းဖြေအနားယူခွင့်ရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာရပါတယ်။ လှေခွင်းတောင်အပန်းဖြေစခန်းက  တာဝန်ရှိသူတွေ က လာရောက် လည်ပတ် သူတွေ အန္တရာယ်မဖြစ်ပေါ်စေဖို့အတွက် စောင့်ကြပ်ကြည့်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီနှစ်သစ်မှာ မြန်မာပြည်သူ ပြည်သားတွေ အေးချမ်းပျော်ရွှင် နိုင်ကြပါစေလို့ ကျွန်တော့်အနေနဲ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ” ဟုပြောသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ အတွင်း၌လည်း မဏ္ဍပ်ငယ်များဆောက်လုပ်၍ ရေပက်ကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်း ကြသူများ၊ မိသားစုလိုက် ရေပက်ကစားကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ် နှစ်တစ်နှစ်ကုန်ဆုံး ပြီး နှစ်သစ်၏ အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှအညစ်အကြေးများ ကင်းစင်လွင့်ပျောက် စေပြီး နှစ်သစ်သို့ မပါလာ စေရန် ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်းဖြစ်သည်နှင့်အညီ နှစ်ဟောင်းမှ အညစ်အကြေး များကို သင်္ကြန်ရေဖြင့် တစ်ဦးကိုတစ်ဦး ကြည်နူးသိမ်မွေ့စွာ ပက်ဖျန်းဆေးကြောပျော်ရွှင်စွာ ရေကစား ကြသည့် ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုလည်းဖြစ် သည်။
သတင်း-နိုင်အောင်
ဓာတ်ပုံ-အေးထိန်