ရန်ကုန် ဧပြီ ၁၃
(၁၈)ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှု နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနား ကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အာဇာနည်လမ်း ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပ သည်။
ရှေးဦးစွာ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) နှင့်မြို့နယ်အသင်းအဖွဲ့များက နမော တဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) ဥက္ကဌ ဒေါ်စောခင်တင့်က ရခိုင်ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ကြိုဆိုနုတ်ခွန်း ဆက်စကားပြောကြားသည်။
ယင်းနောက် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အသင်းအဖွဲ့များက ဘုရားဆင်းတုတော်များအားရေသပ္ပါယ်ပူဇော်ကန်တော့ကြသည်။
ထို့နောက် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) ဒုတိယ ဥက္ကဋ္ဌ ဦးသန်းမောင်က နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ(၁၈)ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်နံ့သာသွေးပွဲနှင့် ဘုရားရေ သပ္ပါယ်ပွဲအခမ်းအနားတွင် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က “ကျွန်မတို့ ရခိုင်ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အဆင့်(၃)ဆင့်နှင့်ကျင်းပ ပါတယ်၊ ပထမဆုံးအနေနဲ့ နံ့သာသွေးပွဲကိုကျင်းပပါတယ်။ ဒုတိယအဆင့်အနေဖြင့် ဘုရားရေသပ္ပါယ် ဆုတောင်းပွဲကျင်းပပါတယ်။ တတိယအဆင့်အနေနဲ့ကတော့ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် အညီ ရေကစား ကြခြင်းတို့ဖြစ်ပါတယ်။ မဟာသင်္ကြန်အကြိုရက်မနက်မှာတော့ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)နှင့် မြို့နယ်အသင်းအဖွဲ့များက စုပေါင်း၍ နံ့သာသွေးကြပြီး သွေးလို့ ရသည့် နံ့သာရည်များ ကိုဘုရားဆင်းတုတော်တွေကို ရေသပ္ပါယ်ဆုတောင်းကြခြင်း ဖြစ်ပါ တယ်”ဟု ပြောကြားသည်။
သတင်း၊ ဓာတ်ပုံ-လင်းလတ်ဇော်၊ ကျော်စိုးဝင်း