နေပြည်တော် ဧပြီ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း တောင်ကလေး-ဘုရားသုံးဆူ ၅၃ မိုင် လမ်းကြောင်းပေါ်တွင် ဖောက်လုပ်ပြီး မြေလမ်း ၂၂ မိုင်အနက် ၁၀ မိုင် ၂ ဖာလုံ ကျောက်ခင်းပြီး ကျန်မြေလမ်း ၁၁ မိုင် ၆ ဖာလုံ အနက် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၈ ဒသမ ၀၆၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများကို ကြာအင်းဆိပ်ကြီးမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ မြို့နယ်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းလင်းဇော်နှင့်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
အဆိုပါလမ်းသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှ တောင်ကလေးသို့လည်း ကောင်း၊ တောင်ကလေးမှ ဘုရားသုံးဆူမြို့သို့ လည်း ကောင်း ဆက်သွယ်ထားသော လမ်းဖြစ်ပြီး ဆောင်ရွက်ပြီးစီးသွားပါက လမ်းကြောင်း ပေါ်ရှိ ကျေးရွာအုပ်စု ၇ စုမှ ဒေသခံပြည်သူ ၂၀၉၇၆ ဦး အတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ များစွာ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)