နေပြည်တော် ဧပြီ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီး မင်းသန်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၈ ရက်တွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွား ရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးစဉ် ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ရခိုင်ပြည်နယ်အတွင်း နယ်စပ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းပေးပြီး အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (စစ်တွေ)သို့ ရောက်ရှိရာ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးက ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းများတွင် သင်တန်းများပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့် ဆည်း ပေးခဲ့ပြီး သင်တန်း ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြောက်ဦးမြို့သို့ ရောက်ရှိပြီး မြောက်ဦးခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကား ပြောကြား သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၉ ရက်တွင် အမ်းမြို့နယ်သို့ ရောက်ရှိပြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ နည်းပြများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ထို့နောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း (အမ်း)သို့ သွားရောက်၍ သင်တန်းကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့သို့ ရောက်ရှိပြီး ကျောက်ဖြူခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများနှင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း(ကျောက်ဖြူ)ရှိ ဝန်ထမ်းများ၊ နည်းပြများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး သင်တန်းကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း၊ နည်းပြများအတွက် ထောက်ပံ့ငွေများနှင့် တူညီဝတ်စုံများ ပေးအပ်ခဲ့ပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ထားရှိအပ်သည့် နိုင်ငံ့ဝန်ထမ်း ဂုဏ်သိက္ခာဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိရှိ တာဝန် ကျေပွန်စွာ ဆောင်ရွက်ကြရန်နှင့် လေ့ကျင့်သင်ကြားပေးမည့် နည်းပြများအနေဖြင့် စာပေဘာသာရပ်များ သင်ကြားရေးအပြင် စိတ်ပိုင်းဆိုင်ရာ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားစေရေးအတွက် ပြုစုပျိုးထောင်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)